တနင်္လာ၊ မေလ ၆ရက်၊ ၂၀၂၄

ဂါဇာစစ်ပွဲ ယာယီအပစ်အခတ်ရပ်စဲမှု ဒုတိယနေ့တွင် အစ္စရေး ၁၃ ဦး နှင့် ထိုင်းလူမျိုး လေးဦး ပြန်လည်လွတ်မြောက်လာ


  • ရေးသူ: Web Master (NN 27)
  • | ရက်စွဲ: ၂၆ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 477

( ၄ရက်ကြာအပစ်အခတ်ရပ်စဲမှု ပထမနေ့တွင် ဟားမတ်စ်တို့က ဓါးစာခံ အစ္စရေး ၁၃ ဦး၊ ဖိလစ်ပိုင် တစ်ဦး နှင့် ထိုင်းအလုပ်သမား ၁၀ ဦးကို ပြန်လွှတ်ပေးခဲ့)

ကာတာ နိုင်ငံ​၏ ကြားဝင်စေ့စပ်မှုဖြင့် ဂါဇာစစ်ပွဲ လေးရက်ကြာ ယာယီအပစ်အခတ်ရပ်စဲထားသည့် ဒုတိယနေ့တွင် ဟားမတ်စ်တို့​၏ ဓါးစာခံအဖြစ် ဖမ်းဆီးထိန်းသိမ်းခံထားရသော အစ္စရေးနိုင်ငံသား ၁၃ ဦး နှင့် ထိုင်းနိုင်ငံသား လေးဦးတို့ ပြန်လည် လွတ်မြောက်လာသည်ဟု သိရှိရသည်။

ပါလက်စတိုင်း အကျဉ်းသားများ နှင့် ထိန်းသိမ်းခံ ဓါးစာခံများ လဲလှယ်ရေးအစီအစဉ်အရ လွတ်မြောက်လာသော ဓါးစာခံများသည် တနင်္ဂနွေနေ့က အစ္စရေးသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

လေးရက်ကြာ ယာယီအပစ်အခတ်ရပ်စဲထားစဉ်အတွင်း ဖမ်းဆီးခံ ဓါးစာခံ ၅၀ ဦး နှင့် ပါလက်စတိုင်းအကျဉ်းသား ၁၅၀ ဦး လဲလှယ်ရန် သဘောတူခဲ့ကြသည့်အတိုင်း ဟားမတ်စ်တို့က ဓါးစာခံ (၁၇)ဦးကို ထပ်မံလွှတ်ပေးခဲ့ခြင်းဖြစ်သည်။


ဟားမတ်စ်တို့က ဓါးစာခံများကို နိုင်ငံတကာကြက်ခြေနီကော်မတီသို့ လွှဲပြောင်းပေးပြီးနောက် အီဂျစ်ဘက်ခြမ်း ရာဖာ နယ်စပ်ဖြတ်ကျော်စခန်းအနီးတွင် လွတ်မြောက်လာသူတို့ကို ရုပ်သံများတွင် မြင်တွေ့ရသည်။ လွတ်မြောက်လာသူ အစ္စရေး ၁၃ ဦးအနက် ခြောက်ဦးမှာ အမျိုးသမီးကြီးများဖြစ်ပြီး ခုနစ်ဦးမှာ ကလေးသူငယ်များနှင့် ဆယ်ကျော်သက်များဖြစ်သည်။

" လွတ်မြောက်လာသူတွေဟာ အစ္စရေးမှာရှိတဲ့ ဆေးရုံကို သွားနေကြပြီး အဲဒီမှာ သူတို့ မိသားစုဝင်တွေနဲ့ ပြန်လည်ဆုံတွေ့ကြပါလိမ့်မယ်" ဟု အစ္စရေးကာကွယ်ရေးတပ်ဖွဲ့က ပြောကြားသည်။

အစ္စရေးတို့ကလည်း ပါလက်စတိုင်းအကျဉ်းသား ၃၉ ဦးတို့ကို အကျဉ်းထောင်နှစ်ခုမှ ပြန်လွှတ်ပေးလိုက်သည်ဟု ပါလက်စတိုင်းသတင်းအေဂျင်စီ ဝါဖာက ကြေညာသည်။

ဟားမတ်စ်တို့အနေဖြင့် အပစ်အခတ်ရပ်စဲထားမှုကို ဆက်လက်ဆောင်ရွက်ရန် ဆန္ဒရှိနေသည်ဟု သံတမန်အသိုင်းအဝန်းနှင့် နီးစပ်သော ပါလက်စတိုင်းအရာရှိတစ်ဦးက ပြောကြားခဲ့သည်။

သောကြာနေ့က စတင်သော လေးရက်ကြာ အပစ်အခတ်ရပ်စဲမှု ပထမနေ့တွင် ဟားမတ်စ်တို့က ဓါးစာခံ အစ္စရေး ၁၃ ဦး၊ ဖိလစ်ပိုင် တစ်ဦး နှင့် ထိုင်းအလုပ်သမား ၁၀ ဦးကို ပြန်လွှတ်ပေးခဲ့သည်။

 

NN-27

 ref: BBCWorld

ဆက်စပ် သတင်းများ