အင်္ဂါ၊ မေလ ၇ရက်၊ ၂၀၂၄

ဂါဇာစစ်ပွဲကို ဆန့်ကျင်သည့်အနေဖြင့် အမေရိကန်လေတပ်သားတစ်ဦး ဝါရှင်တန်ရှိ အစ္စရေးသံရုံးရှေ့တွင် ကိုယ့်ကိုယ်ကို မီးရှို့သတ်သေ


  • ရေးသူ: Web Master (NN 27)
  • | ရက်စွဲ: ၂၇ ဖေဖော်ဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 610

ဂါဇာစစ်ပွဲကို ဆန့်ကျင်သည့်အနေဖြင့် ဝါရှင်တန်ရှိ အစ္စရေးသံရုံးရှေ့တွင် အမေရိကန်လေတပ်မှ အထက်တန်းလေတပ်သားတစ်ဦး မိမိကိုယ်မိမိ မီးရှို့သတ်သေမှု ဖေဖော်ဝါရီ ၂၅ ရက်နေ့က ဖြစ်ပွားခဲ့သည်။

မိမိကိုယ် မိမိ မီးရှို့သတ်သေခဲ့သည့် လေတပ်သားမှာ နိုင်ငံတော်အဆင့်အကြီးအကဲများ​၏ လုံခြုံရေးကို တာဝန်ယူရသည့် ထောက်လှမ်းရေးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တစ်ဦးဖြစ်ပြီးလေတပ်တွင် တက်ကြွစွာ တာဝန် ထမ်းဆောင်ခဲ့သူဟု သိရှိရသည်။

ဖေဖော်ဝါရီလ ၂၅ရက်နေ့က သံရုံးရှေ့တွင် မီးရှို့သတ်သေမှုဖြစ်ပွားစဉ် အရေးပေါ်ကယ်ဆယ်ရေး အဖွဲ့ဝင်များ ရောက်ရှိလာပြီး ၎င်းအား ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သော်လည်း ရရှိထားသော မီးလောင်ဒဏ်ရာများဖြင့် ဖေဖော်ဝါရီ ၂၆ ရက်တွင် သေဆုံးသွားခဲ့သည်ဟု ဆိုသည်။


တွစ်တာများတွင် ဖော်ပြသော ဗီဒီယိုအရ မိမိကိုယ် မီးရှို့သတ်သေခြင်းမပြုမီ စစ်ဝတ်စုံ ဝတ်ဆင်ထားသော အထက်တန်းလေတပ်သား ဘွတ်ရှ်နဲလ်က " လူမျိုးတုန်းသတ်ဖြတ်နေမှုမှာ ကျွန်တော် မပါချင်တော့ဘူး" ဟု အော်ဟစ်ခဲ့ပြီး "ပါလက်စတိုင်း လွတ်မြောက်ပါစေ"ဟု ကြွေးကြော်ကာ ဓါတ်ဆီလောင်း မီးရှို့ခဲ့သည်။

လေတပ်သား ဘွတ်ရှ်နဲလ် သေဆုံးမှုအတွက် ပင်တာဂွန်စစ်ဌာနချုပ်က ဝမ်းနည်းကြေကွဲကြောင်း နှင့် အမေရိကန်ကာကွယ်ရေးဝန်ကြီး အယ်လွိုက် အော်စတင်က အခြေအနေကို စုံစမ်းနေသည်ဟု ပြောကြားခဲ့သည်။

အောက်တိုဘာလ(၇)ရက်၊ ဟားမတ်စ်တို့​၏ တိုက်ခိုက်မှုကြောင့် အစ္စရေးနိုင်ငံသားများ သေဆုံးပြီး ဓါးစာခံများအဖြစ် လူပေါင်း နှစ်ရာနီးပါးကို ခေါ်ဆောင်သွားသည့် ဟားမတ်စ်ပြောက်ကျားတို့ကို လက်တုန့်ပြန်သည့်အနေဖြင့် အစ္စရေးက ဂါဇာဒေသကို ထိုးစစ်ဆင်တိုက်ခိုက်နေရာ ဂါဇာစီတီးနှင့်တကွ ဂါဇာဒေသတစ်ခုလုံး အစ္စရေးတို့​၏ ဗုံးဒဏ်ကြောင့် စိစိညက်ညက်ကြေကာ သက်ကြီးရွယ်အို၊ အမျိုးသမီးနှင့် ကလေးသူငယ်များအပါအဝင် လူပေါင်း ၃၀၀၀၀ ခန့် အသက်သေဆုံးသွားရပြီဟု သိရှိရသည်။  NN-27/ Ref: can

ဆက်စပ် သတင်းများ