သောကြာ၊ မေလ ၁၀ရက်၊ ၂၀၂၄

ဒေါ်လာ ၃.၅ ဘီလျံတန်ဖိုးရှိ အစ္စရေး-အမေရိကန် ပူးပေါင်းထုတ်လုပ်ထားသည့် ဒုံးပျံကာကွယ်ရေးစနစ် Arrow-3 ဝယ်ယူရန် အစ္စရေး နှင့် ဂျာမနီ သဘောတူစာချုပ် ချုပ်ဆို


  • ရေးသူ: Web Master (NN 27)
  • | ရက်စွဲ: ၃၀ စက်တင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 654

ဒေါ်လာ ၃ ဒဿမ ၅ ဘီလျံတန်ဖိုးရှိ အစ္စရေး-အမေရိကန် ပူးပေါင်းထုတ်လုပ်ထားသည့် ပိုမိုတိကျသော Arrow-3 ဒုံးပျံကာကွယ်ရေးစနစ်ကို ဂျာမနီနိုင်ငံက ဝယ်ယူရန် အစ္စရေး နှင့် ဂျာမနီတို့အကြား သဘောတူစာချုပ်တစ်ရပ်ကို ပြီးခဲ့သည့် ကြာသပတေးနေ့က ချုပ်ဆိုခဲ့သည်ဟု သိရသည်။

အစ္စရေး-အမေရိကန် ပူးပေါင်းထုတ်လုပ်သည့် Arrow-3 ဒုံးပျံကာကွယ်ရေးစနစ်မှာ တာဝေးပစ်ဒုံးပျံများကို ကြားဖြတ်ဟန့်တားနိုင်စွမ်းရှိသည်။

ယခုသဘောတူစာချုပ်မှာ ရုရှားက ယူကရိန်းအား ကျူးကျော်တိုက်ခိုက်ခဲ့ပြီးနောက် လေကြောင်းကာကွယ်ရေး တိုးမြှင့်ရန် ကြိုးပမ်းနေသော ဂျာမနီ​​၏ နောက်ဆုံးခြေလှမ်းတစ်ခုလည်း ဖြစ်သည်။

 

ဂျာမနီသည် ယခု ဒုံးပျံကာကွယ်ရေးစနစ်ကို ပိုမိုကျယ်ပြန့်သည့် နေတိုး လေကြောင်းကာကွယ်ရေးစနစ်နှင့် ပေါင်းစပ်သွားမည်ဟု ဆိုသည်။



 

ပြီးခဲ့သည့်နှစ်က ဂျာမနီသည် ဥရောပကောင်းကင် ကာဒိုင်း ( European Sky Shield Initiative ) အစီအစဉ်ကို စတင်ခဲ့ရာ ၁၉နိုင်ငံ အကြုံးဝင်ခဲ့သည်။

 

ဒေါ်လာ ၃.၅ ဘီလျံတန်ဖိုးရှိ စာချုပ်အတွက် ပြီးခဲ့သည့် ဩဂုတ်လက အစ္စရေးသည် အမေရိကန်ထံမှ သဘောတူခွင့်ပြုချက် ရရှိခဲ့သည်။

 

ဒုံးပျံကာကွယ်ရေးစနစ်ကို အစ္စရေး နှင့် အမေရိကန် ပူးပေါင်းထုတ်လုပ်ထားသည့်အတွက် အမေရိကန်​၏ ခွင့်ပြုချက်ရရှိရန် အစ္စရေးလိုအပ်သည်။

 

Arrow-3 ဒုံးပျံကာကွယ်ရေးစနစ် ဝယ်ယူရေးအတွက် ဂျာမန်ကာကွယ်ရေးဝန်ကြီး ဘောရစ် ပစ်တိုးရီးယပ်စ် နှင့် အစ္စရေးကာကွယ်ရေးဝန်ကြီး ယော့ ဂဲလန့်တို့ ကြာသတေးနေ့က ဘာလင်တွင် စာချုပ်လက်မှတ်ရေးထိုးခဲ့ကြသည်။


" နှစ်နိုင်ငံလုံးအတွက် သမိုင်းဝင်နေ့တစ်နေ့ပါ။ Arrow-3 စနစ်ဟာ အကောင်းဆုံးစနစ် မဟုတ်ရင်တောင် အကောင်းဆုံးတွေထဲက စနစ်တစ်ခုပါ။ ရုရှားက ယူကရိန်းကို နေ့စဉ် တိုက်ခိုက်နေတာ ကျွန်တော်တို့ မြင်တွေ့နေရလို့ လေကြောင်းကာကွယ်ရေးစနစ် ဘယ်လောက်အရေးကြီးတယ်ဆိုတာ သဘောပေါက်ပါတယ်။ လေကြောင်းကာကွယ်ရေးစနစ်ဟာ ဥရောပ အလယ်တည့်တည့်မှာ ရှိနေတဲ့ ကျွန်တော်တို့အတွက် မရှိမဖြစ်ပါပဲ" ဟု ဂျာမန်ကာကွယ်ရေးဝန်ကြီး ဘောရစ် ပစ်တိုးရီးယပ်စ်က ပြောကြားခဲ့သည်။


ဂျာမနီသည် Arrow-3 လေကြောင်းကာကွယ်ရေးစနစ်ကို ၂၀၂၅ ခုနှစ်တွင် စတင်အသုံးပြုရန် စီစဉ်လျှက်ရှိသည်။

 

NN-27

ref:AP

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!