တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

အိန္ဒိယနိုင်ငံသားများကို ရုရှားဖက်မှ စစ်တိုက်ပေးရန် ပို့ပေးခဲ့သူ ၄ ဦးကို အိန္ဒိယ အာဏာပိုင်များကလူကုန်ကူးမှုဖြင့်ဖမ်းဆီး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 437

ဂျွန်နသန်၊ နိရဉ္စရာ၊ မေ ၁၀/ ၂၀၂၄

ရုရှားဖက်မှ စစ်တိုက်ပေးရန်အိန္ဒိယနိုင်ငံသားများကို ရုရှားသို့ ပို့ဆောင်ပေးခဲ့သူ ၄ ဦးကို အိန္ဒိယ အာဏာပိုင်များက လူကုန်ကူးမှုဖြင့် ဖမ်းဆီးလိုက်သည်။


ယူကရိန်းနှင့်ဖြစ်ပွားနေသည့် စစ်ပွဲတွင် ရုရှားဖက်မှ စစ်ဝင်တိုက်ပေးရန်အတွက် အိန္ဒိယ နိုင်ငံသားများကို မက်လုံးများပေးကာ ရုရှားစစ်တပ် သို့ လိမ်ညာပို့ဆောင်ပေးခဲ့သူ သံသယရှိသူ ၄ ဦးကို အိန္ဒိယအာဏာပိုင်များက လူကုန်ကူးမှုဖြင့် ဖမ်းဆီးခဲ့ကြောင်း မော်စကိုတိုင်းမ်က မေလ ၈ ရက် တွင် သတင်းဖော်ပြသည်။

 

ဖမ်းဆီးခံရသူ ၄ ဦးတွင် အိန္ဒိယ စစ်သားစုဆောင်းရေး ကွန်ရက်အတွက် စကားပြန်အဖြစ် ရုရှားတွင် အလုပ်လုပ်ခဲ့သူ တစ်ဦးလည်းပါဝင်ကြောင်း အိန္ဒိယဗဟိုထောက်လှမ်းရေးဗျူရို (CBI) က အင်္ဂါနေ့ နှောင်းပိုင်းတွင် ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

 

ယူကရိန်းစစ်ပွဲအတွင်း ရုရှားတပ်ဖွဲ့ဝင်အများအပြား သေဆုံးခဲ့ပြီးနောက် ရုရှားအစိုးရသည် ၄င်းတို့ဘက်မှ စစ်ကူတိုက်ပေးမည့်သူများကို လိုက်လံ စုဆောင်းလျက်ရှိသည်။

 

 ယူကရိန်းစစ်ပွဲ အတွင်းအိန္ဒိယစစ်သားနှစ်ဦးထက်မနည်း သေဆုံးခဲ့ကြောင်း တပ်သားသစ် အများအပြားကို လိမ်ညာပြောဆိုပြီး ရှေ့တန်းစစ်မျက်နှာသို့ ပို့ဆောင်ခဲ့ ကြောင်း စစ်သားအဖြစ် စုဆောင်းခံရသူများ က AFP ကို ပြောကြားသည်။

 

အိန္ဒိယတပ်သားသစ်များသည် လစာမြင့်မားစွာရရှိမည်၊ ရုရှားနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ခွင့်ရမည် စသည့်မက်လုံးများဖြင့်စည်းရုံးသိမ်းသွင်းခံရကာ ရှေ့တန်းစစ်မျက်နှာသို့လိမ်ညာ ပို့ဆောင်ခံခဲ့ရသည်။

 

စစ်မြေပြင်တွင် တိုက်ခိုက်ရေးမဟုတ်သော ထောက်ပံ့ရေးတာ၀န်ကိုသာ ယူရမည်ဟု ကတိပြုချက် ရထားသော်လည်း ချေမှုန်းရေးရိုင်ဖယ်များ၊ အခြားလက်နက်များကို ကိုင်တွယ် အသုံးပြုတတ်ရန် သင်တန်းတက်ခဲ့ ရကြောင်း သိမ်းသွင်းခံရသည့် အိန္ဒိယ စစ်သားများက ပြောကြားသည်။

 

အိန္ဒိယနိုင်ငံသားများ ရုရှားနိုင်ငံသို့၃၅ ကြိမ်ထက်မနည်း ပို့ဆောင်ခံခဲ့ရသည်ကို တွေ့ရှိခဲ့ကြောင်း CBI က ပြောကြားခဲ့သည်။

 

"နိုင်ငံတကာ လူကုန်ကူးသူများရဲ့ကွန်ရက်မှာ ပါဝင်ပတ်သက်နေတဲ့ သံသယရှိသူတွေကိုလည်း စုံစမ်းစစ်ဆေးမှုတွေဆက်လုပ်နေပါတယ်” ဟု CBI ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

အိန္ဒိယနိုင်ငံရှိ နေရာ ၁၃ ခုကို စုံစမ်းရေးမှူးများက ဝင်ရောက်စီးနင်းပြီး လူအများအပြားကို စစ်ဆေး​ခဲ့ပြီးနောက် နှစ်လအကြာတွင် အဆိုပါ၄ ဦးကို ယခုကဲ့သို့ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

 

ရုရှားစစ်တပ်အတွင်းရောက်ရှိနေသည့် အိန္ဒိယနိုင်ငံသား ၂၀ ခန့် ကို အိန္ဒိယထံ ပြန်ပို့ပေးရန်အတွက် နှစ်ဖက်ညှိနှိုင်းမှာများ လုပ်ဆောင်လျက်ရှိကြောင်း အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောဆိုခဲ့သည်။

 

အိန္ဒိယသည် ရုရှား၏ ကာလကြာရှည် မဟာမိတ်နိုင်ငံဖြစ်ပြီး ရုရှားက ယူကရိန်းကို ကျူးကျော်မှုအပေါ် တွင် ပွင့်ပွင့်လင်းလင်းဝေဖန်ပြောဆိုမှုမရှိခဲ့ဘဲရေငုံနှုတ်ဆိတ်နေခဲ့သည်။

 

Source/Moscow Times

 

 

ဆက်စပ် သတင်းများ