အင်္ဂါ၊ ဧပြီလ ၃၀ရက်၊ ၂၀၂၄

အကြမ်းဖက်စစ်တပ်သည် မျက်နှာစာ(၃)ခုလုံးတွင် ရှုံးနိမ့်လာ၍ အရပ်သားပြည်သူများအား ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်လာသည်ဟု NUG ဆို


  • ရေးသူ: Web Master (NN 20)
  • | ရက်စွဲ: ၁၁ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 387

အကြမ်းဖက်စစ်တပ်သည် နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေး မျက်နှာစာအားလုံးတွင်ပိုမို ရှုံးနိမ့်လာသည်နှင့်အမျှ အရပ်သားပြည်သူများအား လေကြောင်းမှ ဖျက်အားပြင်းဗုံးများအသုံးပြုပြီး ပိုမိုတိုးမြှင့် အကြမ်းဖက်သတ်ဖြတ်လာကြောင်း သက်သေအထောက်အထား အများအပြား ရရှိလျက်ရှိကြောင်အမျိုးသားညီညွတ်ရေး အစိုးရ ( NUG) က ုတ်ပြန်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG ) သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက  "တော်လှန်ရေးအင်အားစုတွေက စစ်မြေပြင်မှာ အောင်မြင်မှုတွေရတဲ့ အလျောက် ထိန်းချုပ် နယ်မြေတွေကပိုများလာတယ် စစ်တပ်ရဲ့ထိန်းချုပ်နယ်မြေတွေဟာပိုကျဥ်းမြောင်းလာတယ် ဗျူဟာကုန်းတွေ တခုပြီးတစ်ခု ကျနေတော့သူတို့အကျဥ်းထဲအကျပ်ထဲရောက်တဲ့အချိန်မှာ လက်နက်ကြီးတွေ အားကိုးတယ် လေယဥ် အားကိုးတယ်  အရပ်သားပစ်မှတ်တွေကို ရည်ရွယ်ချက်ရှိရှိနဲ့ ပိုမို ရက်စက်ကြမ်းကြုတ်စွာ လုပ်လာတာတွေကို တွေ့နေရတယ် "ဟု နိရဉ္စရာ သတင်းဌာနကို ပြောသည်။

ရာဇဝတ်မှုတွေကျူးလွန်နေသူများ၊ အမိန့်ပေးသည့်သူများ၊ အမိန့် နာခံသည့်သူ များအားတချိန်တွင် ဖမ်းဆီးအရေးယူနိုင်မည်ဖြစ်ကာ ပြင်တွင်း တည်ဆဲတရားဥပဒေအရ အရေးယူဖို့ရှိသည့်အပြင် နိုင်ငံတကာ တရားရုံးများတွင်လည်း တရားစွဲရန်စီစဥ်နေပြီး တရားစီရင်ရေးသည် နှောင့်နှေးကောင်း နှောင့်နှေးမည်ဖြစ်သော်လည်း ကျူးလွန်သူများကိုအရေးယူမည်ဖြစ်ကြောင်း ဦးကျော်ဇောက ပြောဆိုသည်။

"ဟိုတနေ့က ကနန် မှာရှိတဲ့စာသင်ကြောင်းဗုံးကြဲတယ်  ခရစ်ယန်ဘုရားရှေ့ခိုးကျောင်းလည်း ပျက်စီးသွားတယ်  အဲ့ဒီနေ့ ဘုရားရှိခိုးနေတဲ့ အချိန် လူနေအိမ်တွေအပေါ်ဗုံးတွေ ချသွားတယ် ဝန်းသိုမြို့နယ်မှာဆိုရင်လည်း အရပ်သားပြည်သူ ၁၉ ယောက်ဖမ်းသွားပြီး ရက်ရက်စက်စက် သတ်ဖြတ်တယ် ဆိုတော့သူတို့က လက်နက်ကြီးအားကိုးနဲ့လုပ်တယ် လေယဥ်ပျံအားကိုးနဲ့လုပ်တယ် အဲ့ဒီတော့ရာဇဝတ်မှုတွေကျူးလွန်နေတဲ့ အမိန့်ပေးတဲ့သူ အမိန့် နာခံတဲ့သူ တွေကိုတချိန်မှာ ဖမ်းဆီးအရေးယူနိုင်မယ် "ဟု ဦးကျော်ဇောကပြောသည်။


၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက် နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ တမူးမြို့နယ်၊ ကနန်ကျေးရွာ အား အကြမ်းဖက်စစ်တပ်မှ လေကြောင်းတိုက်ခိုက်မှု ကျူးလွန်ခဲ့ပါသည်။

တနင်္ဂနွေ ဘုရားကျောင်းဝတ်ပြုပွဲ ရှိသည့်အချိန်တွင် အရပ်သားပြည်သူများ စည်ကားနေသည့် ရပ်ရွာအပေါ်သို့ ဖျက်အားပြင်းဗုံးများ ကြဲချတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ အများအပြား ထိခိုက်သေဆုံး ဒဏ်ရာရခဲ့ကြ ကြောင်း ဇန်နဝါရီလ ၉ ရက်နေ့တွင် NUG ကထုတ်ပြန်ထားသည်။

ဆိုပါ တိုက်ခိုက်မှုကြောင့် ယခုကြေညာချက်ထုတ်ပြန်သည့်အချိန်အထိ အတည်ပြုထားနိုင်သည်မှာ အသက် ၅ နှစ်မှ ၁၇ နှစ်ကြား ကလေးသူငယ်သေဆုံးသူဦးရေ (၉) ဦး အပါအဝင် စုစုပေါင်းသေဆုံးသူ (၁၇) ဦးနှင့် ဒဏ်ရာရရှိသူစုစုပေါင်း (၁၉) ဦး ရှိသည်ဟု သိရှိထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ယုံကြည်စိတ်ချရသော သတင်းများအပေါ်အခြေခံ၍ ၃၁ ဒီဇင်ဘာ ၂၀၂၃ အထိ ရရှိထားသော အထောက်အထားများနှင့် စာရင်းများအရ မင်းအောင်လှိုင် ဦးဆောင်သော အကြမ်းဖက်စစ်တပ်က မတရားအာဏာသိမ်းယူရန် ကြိုးစားခဲ့သည့်နေ့မှစ၍ ကျူးလွန်လျက်ရှိသော အကြမ်းဖက် သတ်ဖြတ်မှုများကြောင့် အသက် ၁၈ နှစ်အောက်ကလေးသူငယ် (၆၂၇) ဦး၊ အမျိုးသမီး (၁၀၁၇) ဦး သေဆုံးခဲ့ရပြီးဖြစ်သည်။

လေကြောင်းအသုံးပြု၍ အပြစ်မဲ့ပြည်သူများရှိရာ ရပ်ရွာများအား တိုက်ခိုက်မှုပေါင်း (၅၈၃) ကြိမ် ကျူးလွန်ခဲ့ပြီး သေဆုံးသူအရပ်သား (၈၉၇) ဦး၊ ဘာသာရေးအဆောက်အဦးပေါင်း (၇၆) ခုနှင့် စာသင်ကျောင်းပေါင်း (၅၂) ကျောင်း ပျက်စီးဆုံးရှုံးခဲ့ပြီးဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!