စနေ၊ မေလ ၄ရက်၊ ၂၀၂၄

ကျောက်ဖြူ မြို့အနီး မြန်မာ့ ရေပိုင်နက်အတွင်း တရုတ်ရေတပ် စစ်သင်္ဘောအုပ်စု ရောက်ရှိနေသည်ဟု သတင်းထွက်ပေါ်ခဲ့ပြီး အဆိုပါသတင်း မှန်ကန်ခြင်းမရှိဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 5.9k

လူထက်နိုင်(ဒွာရာမြီ)

နိရဉ္စရာ၊ ဧပြီ ၂၃ / ၂၀၂၄

ကျောက်ဖြူ မြို့နှင့် သိပ်မဝေးသည့် မြန်မာ့ ရေပိုင်နက်အတွင်း တရုတ်ရေတပ် စစ်သင်္ဘောအုပ်စု ရောက်ရှိနေသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း  ဒေသခံများနှင့် ရခိုင်အရေးလေ့လာသူ များကမူ ရောက်ရှိနေခြင်းမရှိကြောင်း နိရဉ္စရာ သို့အတည်ပြုပြောကြားခဲ့သည်။

ရခိုင်ပြည်နယ် ကျောက်ဖြူ မြို့ နှင့် သိပ်မဝေးသည့် မြန်မာ့ရေပိုင်နက်အတွင်း တရုတ်ရေတပ်၏ စစ်သင်္ဘောအုပ်စု ရောက်ရှိနေကြောင်း Freedom News Group မှရေးသား ဖော်ပြခဲ့ကြောင်းသိရသည်။

ပဲ့ထိန်းဒုံး ပစ်လွှတ်၍ ရသည့် ဒုံးလက်နက် တပ်ဆင် ထားသော စစ်သင်္ဘော နှစ်စင်း အပါအဝင် အခြား ဖျက်သင်္ဘော ငါးစင်းပါဝင်သော တရုတ် ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် မှ တိုက်ရေယာဉ် အုပ်စုသည် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ အနီး  ယခု သီတင်းပတ် အစောပိုင်းအတွင်း  ရောက်ရှိ နေကြောင်းလည်း Freedom News Group မှရေးသားထားသည်။

ထိုသို့ရေးသားဖော်ပြမှုများရှိနေသော်လည်း ကျောက်ဖြူဒေသခံများကမူ တရုတ်စစ်သင်္ဘောများ ကျောက်ဖြူ မြို့အနီး မြန်မာ့ရေပိုင်နက်သို့မရောက်ရှိသကဲ့သို့ တရုတ်ကုန်သွယ်ရေး သင်္ဘောများလည်း ရောက်ရှိသည်ကို မတွေ့ရကြောင်းပြောဆိုကြသည်။

“ ကျောက်ဖြူပင်လယ်ပြင် တစ်ကြောမှာက တရုတ်သင်္ဘောတွေမတွေ့ရပါဘူး၊တစ်ခုခုဆိုရင်ကျောက်ဖြူကသွားလာနေကြတာ တွေ့မှာပဲ ကြားမှာပဲလေ၊ ဘင်္ဂလားပင်လယ်အော်မှာ ရှိရင်လည်းသတင်းကြားမှာပဲ။ကိုယ့်ပိုင်နက်ထဲဝင်လာရင်။နေဗီရှိတယ်၊ မဒေးကျွန်းမှာလုပ်နေတဲ့ သင်္ဘောလေးတွေရှိတယ်။” ဟု ကျောက်ဖြူဒေသခံတစ်ဦး ကနိရဉ္စရာ သို့ပြောသည်။

တရုတ်စစ်သင်္ဘောများ ကျောက်ဖြူ မြို့အနီး မြန်မာ့ရေပိုင်နက်သို့ ရောက်ရှိနေသည်ဟု မကြားသိရကြောင်းနှင့် စစ်ကောင်စီ၏ စစ်သင်္ဘောများကသာ ဒေသခံများနေထိုင်ရာသို့ လက်နက်ကြီး ပစ်ခတ်မှုများ ရှိနေကြောင်း ရခိုင့်ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်း ကလည်း နိရဉ္စရာသို့ ပြောသည်။

“တရုတ်ရေတပ်သင်္ဘောတွေပဲဖြစ်ဖြစ်၊တရုတ်စီးပွားရေးနဲ့ပတ်သက်တဲ့ သင်္ဘောတွေပဲဖြစ်ဖြစ် ဘာသတင်းတွေပဲဖြစ်ဖြစ်။ရောက်နေတယ်ဆိုတာကျွန်တော်တို့မကြားမိဘူးဗျ။အဲ့ဒီနေရာတွေမှာစစ်သင်္ဘောတွေနေဗီတွေပဲ ပစ်နေတာ၊မြို့ထဲရွာထဲကို လှမ်းပစ်နေတယ်ဆိုတဲ့ သတင်းပဲရတယ်။ အဲ့လိုနေရာမျိုးမှာ တရုတ်က ရေတပ်သင်္ဘာတွေရောက်ဖို့ဆိုတာ၊ ရောက်ရင်တော့ ဒေသခံတွေ ဆီကသိမှာပါ၊ အဲ့ဒီသတင်းကအတည်ပြုလို့ မရသေးဘူးလို့ပြောချင်တယ်။အဲ့လိုလုပ်စရာလည်း တရုတ်ဖက် ကမလိုအပ်ပါဘူး” ဟု ဦးဖေသန်းက ပြောသည်။

ရခိုင်ပြည်နယ်တွင် လက်ရှိ ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် တရုတ် အစိုးရသည် ကျောက်ဖြူ မြို့နယ် နှင့် အခြားဒေသရှိ တရုတ် လူမျိုးများကို ကာကွယ်ရန်ကြိုးစားနေကြောင်း နိုင်ငံရေးလေ့လာသူများမှသုံးသပ်ကြသည်။

တရုတ်အစိုးရသည် ကျောက်ဖြူ အထူးစီးပွားရေးဇုန်၏ ရေနက်ဆိပ်ကမ်းများကို ကျောက်ဖြူမြို့နယ်ရှိ မဒေးကျွန်းတွင် မီတာ ၂၅၀၀ အကျယ်နှင့် အနံ မီတာ ၆၀၀ ရှိသည့် ဆိပ်ကမ်းနှင့် ရမ်းဗြဲကျွန်းတွင် မီတာ ၁၅၀၀ အကျယ်နှင့် မီတာ ၆၀၀ အနံရှိသည့် ဆိပ်ကမ်းနှစ်ခု တည်ဆောက်မည်ဟု သိရသည်။

ပုံစာ-ကျောက်ဖြူရေနက်ဆိပ်ကမ်းသို့ ဝင်လာသည့် ရေနံတင်သင်္ဘောတစ်စီး နှင့် ရေနက်ဆိပ်ကမ်းတည်ဆောက်ရေး တရုတ်နှင့် စာချုပ်ချုပ်ဆိုစဉ်(ဓါတ်ပုံ-မြန်မာ့အလင်း) 

-စစ်ရေကောင်စီ ရေတပ် ရေငုပ်သင်္ဘောတစ်စီး 

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!