စနေ၊ မေလ ၄ရက်၊ ၂၀၂၄

ရခိုင်တွင် ဆန်ရှားပါး၍ အငတ်ဘေးဆိုက်နေချိန် တောင်ကုတ်မြို့မှဆန်များကို ပြည်မသို့ တင်ပို့နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 3.2k

အေးမြတ်ခိုင်၊ နိရဉ္စရာ၊ ဧပြီလ ၂၃/၂၀၂၄

 

ရခိုင်ပြည်အတွင်း ဆန်ရှားပါး၍ ပြည်သူများအငတ်ဘေးဆိုက်နေချိန်တွင် တောင်ကုတ်မှဆန်များကို ပြည်မသို့ တင်ပို့နေကြောင်း သတင်းရရှိသည်။

 

တောင်ကုတ်မြို့နယ်အတွင်းမှ ဆန်များကို စီးပွားရေးသမားတချို့နှင့် စစ်ကောင်စီတပ်တို့ ပူးပေါင်းကာ တောင်ကုတ်မြို့နယ်၊ တန်းလွဲရွာမကျေးရွာမှ ပြည်မဘက်သို့တင်ပို့နေခြင်း ဖြစ်ကြောင်း တောင်ကုတ်မှ လူမှုရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။

 

"တောင်ကုတ်ကဆန်တွေကို တန်းလွဲရွာမမှာစုပြီးလှောင်ထားတယ်။ အဲ့ဒီကနေ ၁၂ ဘီးကားတွေနဲ့ နေ့တိုင်းဆိုသလို၊ နှစ်ရက်တစ်ခါ၊ သုံးရက်တစ်ခါ သယ်နေတာပါ။ ဂွလမ်း၊ ပြည်လမ်းတွေက နေသယ်ကြတာပါ။ ရခိုင်ကိုတော့ ဘယ်ပစ္စည်းမှ အဝင်မခံဘဲ ပိတ်ထားပြီး အဓိက စားနပ်ရိက္ခာ ဆန်ကိုကျတော့ တစ်ပြည်လုံးအတိုင်းအတာနဲ့ အခက်အခဲ ဖြစ်နေတဲ့အချိန်မှာ ပြည်မဘက်ကို တင်နေတာက တကယ့်ကို စိုးရိမ်စရာကိစ္စပဲ ဖြစ်ပါတယ်။ မိုးရာသီမှာ ဒီထက် အငတ်ဘေးဆိုက်မှာကို ကျနော်တို့ စိုးရိမ်ပါတယ်"ဟု ပြောသည်။

 

ပြည်မဘက်မှ တောင်ကုတ်သို့ ကုန်ပစ္စည်းများကို တောင်ကုတ်-ပြည်လမ်းမှ နားလည်မှုဖြင့် တင်သွင်းခွင့်ရပြီး ကုန်ကားတစ်စီးကို ကျပ်သိန်း ၁၀၀ မှ ၂၀၀ အထိလည်းကောင်း၊ တောင်ကုတ်မှ ပြည်မသို့ ကဏန်း၊ပုစွန်စသည့် ရေထွက်ကုန်များကို ကားတစ်စီးလျှင် ၄၅ သိန်း မှ သိန်း ၆၀ အထိလည်းကောင်း  စစ်ကောင်စီတပ်များကို ပေးကာ ကုန်သွယ်နေကြရသည့်အတွက် ကုန်ဈေးနှုန်းအဆမတန်မြင့်တက်လျက်ရှိသည်ဟု ကုန်သည်များထံမှ သိရသည်။

 

လက်ရှိတောင်ကုတ်မြို့တွင် ပေါ်ဆန်မွှေး ၁၂ ပြည် တစ်အိတ်ကို သိန်း သောင်း၊ ဆန်ကြမ်း  ၁၂ တစ်အိတ်ပြည်ကို သောင်း၊ သောင်းဈေးရှိကြောင်း သိရသည်။

 

ယခု ပြည်မဘက်သို့ တင်သွင်းသည့် ဆန်အများစုသည် ရခိုင်တွင် စစ်ပွဲများစတင်သည့် ပြီးခဲ့သည့် နိုဝင်ဘာလကတည်းက ဝယ်ယူစုဆောင်းခဲ့ကြသည့် ဆန်များဖြစ်ပြီး လက်ရှိတွင် အဆိုပါဆန်များကို ရခိုင်ပြည်သူများ ဝယ်မစားနိုင်တော့သည့်အတွက် ပြည်မဘက်သို့ တင်သွင်းခြင်း ဖြစ်ကြောင်း ကုန်သည်တစ်ဦးက ပြောသည်။

 

"၁၀၂၇ ရခိုင်မှ စကတည်းက သူတို့ ဆန်တွေ လိုက်ဝယ်ထားကြတာ။ ကုန်သည်တွေ မဟုတ်ကြပါဘူး။ အခုမှ တပ်နဲ့ပေါင်းပြီး ပေါ်လာတဲ့ ခရိုနီပေါက်စတွေပါ။ တောင်ကုတ်မှာက ဆန်အကောင်း မဝယ်စားနိုင်ကြတော့ပါဘူး။ ဆွမ်းတို့ဘာတို့ ပို့ခါနီးမှ ဆန်ကောင်းချက်ကြတာပါ။ ထမင်းဖြစ်ရုံပဲ စားနေ‌ကြတော့ သူတို့လှောင်ထားတဲ့ဆန်တွေကို ဈေးကောင်းပေးဝယ်သူမရှိဘူး။ ဒါကြောင့် ပြည်မဘက်ကိုပို့ကြတာ" ဟု ပြောသည်။

 

ရခိုင်တွင် ငွေရှိသော်လည်း ဆန်ရှာမရသည့်အခြေအနေ၌ ပြည်မသို့ ဆန်တင်ပို့မှုသည် တကိုယ်ကောင်းဆန်သည့်လုပ်ရပ်ဖြစ်ကြောင်း ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

"ကျနော်တို့ မိုခါပြီးနောက် ပျက်စီးမှုအခြေအနေ စစ်ရေးအခြေအနေတွေကိုကြည့်ပြီး ယျေဘူယျအားဖြင့် ပြောရရင် ၄၀ ရာခိုင်နှုန်းလောက်ကပဲ စပါးစိုက်နိုင်ခဲ့တာပါ။ စိုက်ပြီးနောက်မှလည်း မရိတ်သိမ်းနိုင်ခဲ့တာတွေအများကြီးပါပဲ။ ဒီလိုအခြေအနေမှာ ဆန်ဟာ တကယ့်ကို အရေးကြီးပါတယ်။ မဟုတ်ရင် ငတ်ပြီး သေကြလိမ့်မယ်။ အတ္တတွေ၊ လောဘ‌တွေကြီးရမယ့်အချိန်မဟုတ်ပါဘူး။ အောက်ခြေပြည်သူတွေကို ကိုယ်ချင်းစာသင့်တယ်လို့ပဲ ပြောချင်ပါတယ်" ဟု တောင်သူလယ်သမားသမဂ္ဂမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

မိုခါမုန်တိုင်းဒဏ်ကြောင့် ဆန် နှင့် မျိုးစပါး ပျက်စီးမှုများရှိခဲ့ပြီး တိုက်ပွဲများကြောင့်လည်း ပြီးခဲ့သည့် စိုက်ပျိုးရာသီတွင် တောင်သူ လယ်သမား ၄၀ ရာခိုင်နှုန်းခန့်သာ စိုက်ပျိုးရေးလုပ်နိုင်ခဲ့သည်ဟု သူကဆက် ပြောသည်။

 

ယခုကဲ့သို့ ပြည်တွင်းစပါးအထွက်နှုန်းလျော့နည်းခဲ့ရပြီး လမ်းပန်းဆက်သွယ်ရေးပိတ်ပင်ခံရမှုများ ကြောင့် ပြည်သူများ ဆန်ရှားပါးနေချိန်တွင် ဆန်များကို ပြည်မသို့ တင်သွင်းနေခြင်းသည် ရခိုင်ပြည်သူများအတွက် ဆိုးဝါးသည့်အငတ်ဘေးဆိုက်အောင်တွန်းပို့နေခြင်းဖြစ်သည်ဟု အမ်းမြို့မှ အိမ်ထောင်ရှင်အမျိုးသမီး တစ်ဦးက ပြောသည်။

 

"လက်ရှိအခြေအနေက ဆန်ပြုတ်တောင်မသောက်နိုင်တော့တဲ့ အခြေအနေပါ။ ဒါကို ကောင်းတဲ့ဆန် ဖြစ်ဖြစ် မကောင်းတဲ့ဆန်ပဲဖြစ်ဖြစ် ကိုယ့်ပြည်တွင်းမှာ တကယ်ကိုရှာမရတဲ့ဘဝတွေပါ။ အခုတောင် ကျမတို့ငတ်နေကြပါပြီ။ နောက် မိုးရာသီမှာ ဘယ်လိုနေကြမလဲ ကျ‌မတော့ ဘယ်လိုမှ စဉ်းစားမရတော့ဘူး"ဟု ပြောသည်။


ရခိုင်ပြည်အတွင်း အမ်း၊ စစ်တွေ၊ ကျောက်ဖြူ နှင့် တခြားမြို့နယ်တချို့တွင် ဆန်ရှားပါးမှုနှင့် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် စားဝတ်နေရေးအခက်အခဲနှင့်ကြုံတွေ့နေကြရပြီး ယမန်နေ့ ဧပြီလ ၂၂ ရက်က အမ်းမြို့နယ်၊ ဘုတ်ချောင်းကျေးရွာတွင် အစာရေစာပြတ်လပ်ပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်းသိရသည်။

ဆက်စပ် သတင်းများ