တနင်္လာ၊ မေလ ၁၃ရက်၊ ၂၀၂၄

ရခိုင်စာရေးဆရာ ရက္ခ၏ “ရက္ခအတု၊ အက်ဆေးအတု၊ မော်ဒန်အတု” အက်ဆေးစာအုပ် မိတ်ဆက်ပွဲလုပ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ ဇူလိုင် ၂၀၂၃
  • | ကြည့်ရှုသူ: 594

ရခိုင်စာရေးဆရာ ရက္ခ၏ “ရက္ခအတု၊ အက်ဆေးအတု၊ မော်ဒန်အတု” အမည်ရသော အက်ဆေးပေါင်းစုစာအုပ်မိတ်ဆက်ပွဲကို ယမန်နေ့က ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့တွင် ပြုလုပ်ခဲ့သည်ဟု သိရသည်။

ယမန်နေ့ ဇူလိုင်လ ၁၆ ရက်၊ နေ့လယ် ၁ နာရီခန့်က တောင်ကုတ်မြို့၊ ချောင်းကောက်ရပ်ကွက်၊ ကမ်းနားလမ်းရှိ Lucky ထမင်းဆိုင်တွင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး တောင်ကုတ်မြို့မှ စာရေးဆရာများ၊ စာပေဝါသနာရှင်များနှင့် စိတ်ဝင်စားသူစုစုပေါင်း ၃ဝ ကျော် တက်ရောက်ခဲ့ကြသည်ဟု သိရသည်။

ယခုစာအုပ်သည် ဇူလိုင်လ ပထမပတ်အတွင်းထွက်ရှိလာခြင်းဖြစ်ပြီး စကားပြေအမျိုးအစားနှင့် ခေတ်ပေါ်မော်ဒန်အမျိုးအစား အက်ဆေး ၂၃ ပုဒ်ပါဝင်သည်ဟု ဆရာ ရက္ခက နိရဥ္စရာကိုပြောသည်။

“ဒီစာအုပ်ထုတ်ဝေရခြင်း အဓိက ရည်ရွယ်ချက်ကတော့ ကိုယ့်ရခိုင်ပြည်ထဲမှာ ကျနော်ဆိုလို့ရှိရင် အဓိက ကြုံရပါတယ်။ ကျနော်အဓိကကြုံရတဲ့ဟာက ဘယ်လိုလဲဆိုရင် တချို့တလေဟာတွေမှာ၊ ဒေသထုတ်မဂ္ဂဇင်းတွေမှာ ကျနော် မော်ဒန်နဲ့ပတ်သက်တဲ့ ကဗျာ၊ အက်ဆေးတို့ပုံစံမျိုး၊ မော်ဒန်ဝတ္ထုတွေပုံစံမျိုး အဲလိုပို့လိုက်လို့ရှိရင် နည်းနည်းလောက် လူနားမလည်တဲ့စာပေမျိုး၊ ပြီးရင် ဒီလိုအရေးအသားမျိုးရှိလားဆိုပြီးတော့ အဲလိုမျိုး နည်းနည်း ဝေဖန်ခံရတဲ့ဟာတွေရှိတယ်လေ။ အဲဒီဟာတွေက ကျနော်တို့ရခိုင်ပြည်နယ်ထဲမှာမှ မရှိတာ။ ဗမာပြည်ဘက်ထဲမှာဆိုလို့ရှိရင် အဲဒီဟာတွေကို အရမ်းတောင်မှ ခေတ်နောက်ကျသွားပြီ။ ဆိုတော့ အဲဒီဟာတွေကိုလည်း ပြချင်တယ်”ဟု ပြောသည်။

ယင်းအပြင် တောင်ကုတ်မြို့နယ်အတွင်းရှိ စာပေအင်အားစုများထဲမှ စာအုပ်ထွက်ရှိမှုနည်းပါးသည်ကိုအဖတ်လို၍လည်းဖြစ်သလို ယခုစာအုပ်ကိုဖြန့်ချိရေးအောင်မြင်ပါက ရလာသည့်ပိုက်ဆံများဖြင့် မြို့နယ်တွင်းရှိ အခြားစာရေးဆရာများ၏စာအုပ်များကို ထုတ်ဝေရာတွင် တစ်စုံတရာပံ့ပိုးပေးစေလိုသည့်ရည်ရွယ်ချက်တို့ဖြင့် ယခုစာအုပ်ကို ထုတ်ဝေရခြင်းဖြစ်သည်ဟု ဆိုသည်။

ယခုစာအုပ်ထဲတွင် ရခိုင်စကားဖြင့်ရေးသားထားသော အက်ဆေး ၆ ပုဒ်ပါဝင်ပြီး ကျန်အက်ဆေးများမှာ မြန်မာဘာသာဖြင့်ရေးသားထားခြင်းဖြစ်သည်။

လက်ရှိတွင် တစ်အုပ်လျှင် ကျပ် ၅ ထောင်ဖြင့် ရခိုင်ပြည်နယ်နှင့် ရန်ကုန်၌ စတင်ဖြန့်ချိနေပြီဟု သိရသည်။

အွန်လိုင်းမှ မှာယူလိုသူများအတွက် ရန်ကုန်ရှိ ပန်းဆက်လမ်း စာအုပ်တိုက်တွင် ဆက်သွယ်မှာယူနိုင်ကြောင်းလည်း သိရသည်။ (NN-16)


ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!