ကြာသပတေး၊ မေလ ၉ရက်၊ ၂၀၂၄

တရုတ်-မြန်မာ ရေနံနှင့်ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းမှ ဒေသဖွံ့ဖြိုးရေးအတွက် ကန်ဒေါ်လာ ၃၁ သန်းခန့်အထိ သုံးစွဲထားပြီဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ အောက်တိုဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 652

(လက်တွေ့တွင်အဆိုပါစီမံကိန်းကြောင့် ရခိုင်ဒေသဖွံ့ဖြိုးတိုးတက်မှုမရှိသည့်အပြင် ဒေသခံများဘ၀ရပ်တည်ရေး ပိုမိုခက်ခဲလာ)

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ရှိ တရုတ်-မြန်မာ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းတွင် ဒေသဖွံ့ဖြိုးရေးအတွက်  အမေရိကန်ဒေါ်လာ ၃၁ သန်းခန့် သုံးစွဲထားပြီဖြစ်ကြောင်း ပြောဆိုထားသော်လည်း လက်တွေ့ မြေပြင်တွင် ဖွံ့ဖြိုးတိုးတက်ပြောင်းလဲမှုမရှိသည့် အပြင် ဒေသခံများဘ၀ရှင်သန်ရပ်တည်ရေး ပိုမိုခက်ခဲလာကြောင်း သဘာ၀ ပတ်ဝန်းကျင်အရေး လှုပ်ရှားသူများက ပြောဆိုသည်။

တရုတ်-မြန်မာ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းကို စီမံခန့်ခွဲနေသည့် တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်း (CNPC)၊ အရှေ့တောင်အာရှရေနံပိုက်လိုင်းကုမ္ပဏီ (SEAOP)နှင့် အရှေ့တောင် အာရှဓာတ်ငွေ့ပိုက်လိုင်းကုမ္ပဏီ (SEAGP)တို့က ပိုက်လိုင်းတစ်လျှောက် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်စေရန် အမေရိကန်ဒေါ်လာ (၃၀ ဒဿမ ၉၃)သန်း အကုန်ကျခံ သုံးစွဲထားသည်ဟု BETV Bussiness တွင် ရေးသားထားသည်။

အမ်းမြို့နယ်မှ ဒီရေတောနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းသူ ကိုမျိုးလွင်ကမူ ပိုက်လိုင်း တစ်လျှောက်ရှိ ကျေးရွာများမှ ဒေသခံများအတွက် နစ်နာကြေးပေးမှုများကို နှိမ်ပြီးပေးမှုရှိပြီး ဒေသဖွံ့ဖြိုးအောင်လုပ်ဆောင်ပေးမှုများ တစ်စုံတစ်ရာမရှိသေးဟု နိရဥ္စရာကိုပြောသည်။

“ပိုက်လိုင်းစီမံကိန်း ဖြတ်သန်းပြီးနောက်ပိုင်းမှာ ပိုက်လိုင်းဖြတ်သန်းခံရတဲ့မြို့နယ် ၂၁ မြို့နယ်နဲ့ ပြည်နယ်နှစ်ခု၊ တိုင်းနှစ်ခုထဲမှာ အမေရိကန်ဒေါ်လာ ၂ သန်းအထိသုံးမယ်လို့ပြောခဲ့တယ်။ ဒါပေမယ့် ပိုက်လိုင်းဖြတ်သန်းခံရတဲ့ ဒေသတွေရဲ့ဖွံ့ဖြိုးမှုအတွက် သူတို့လုပ်ဆောင်တာ မတွေ့ခဲ့ရဘူး။ အစိုးရရဲ့ဝန်ကြီးဌာနအောက်ကို ရောက်သွားတဲ့ ဒေါ်လာ ၂ သန်းကလည်း တခြားနေရာတွေမှာပဲ သုံးပြီးတော့ ပိုက်လိုင်းဖြတ်သန်းခံရတဲ့ ဒေသဖွံ့ဖြိုးရေးအတွက် အင်မတန်မှအားနည်းခဲ့တယ်။ ပွင့်လင်းမြင်သာမှုရှိဖို့လိုတယ်”ဟု ပြောသည်။

အဆိုပါ ဒေါ်လာ ၃၁ သန်းခန့်ကို ပိုက်လိုင်းဖြတ်သန်းရာ ဒေသတစ်လျှောက် ပညာရေး၊ ကျန်းမာရေး၊ ရေပေးဝေရေး၊ လျှပ်စစ်မီးရရှိရေး၊ ဆက်သွယ်ရေး၊ လမ်းပန်းဆက်သွယ်ရေး စသည့် ဒေသဆိုင်ရာ ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် အသုံးပြုခဲ့သည်ဟု ဆိုသည်။

ယင်းအထဲတွင် ပညာရေးအတွက် ဒေါ်လာ (၉.၆)သန်း၊ ကျန်းမာရေးအတွက် ဒေါ်လာ (၁.၄) သန်း၊ အခြေခံအဆောက်အအုံကဏ္ဍအတွက် ဒေါ်လာ (၁၇) သန်းကျော်၊ ယဉ်ကျေးမှု၊ အားကစားနဲ့ လူမှုဖူလုံရေးကဏ္ဍမှာ ဒေါ်လာ (၄) သိန်းကျော်၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီ အတွက် ဒေါ်လာ (၁.၄) သန်းကျော် စသည်ဖြင့် သုံးစွဲထားကြောင်း ဖော်ပြထားသည်။



ကျောက်ဖြူမဒေးကျွန်းဒေသခံတစ်ဦးက ဒေသဖွံ့ဖြိုးမှုအတွက်ဟုဆိုကာ တရုတ်ကုမ္ပဏီဘက်က စာသင်ကျောင်းများ၊ လမ်းများ၊ ရေပေးဝေရေးများပြုလုပ်ပေးခဲ့သော်လည်း အရည်အသွေးမမီသော ပစ္စည်းများနှင့်သာ ဆောက်လုပ်ပေးသည်ဟု နိရဥ္စရာကိုပြောသည်။

“သူတို့သုံးထားတဲ့ပမာဏနဲ့ဆိုရင် ဒီထက်မက ဒေသဖွံ့ဖြိုးအောင် လုပ်ပေးလို့ရတယ်။ စေတနာ ပါရင်ပေါ့နော်။ သူတို့လုပ်ပေးထားတဲ့အရာတွေနဲ့ သူတို့သုံးစွဲထားတယ်လို့ ထုတ်ပြန်ထားတဲ့ အရာက သံသယဖြစ်စရာကောင်းတယ်”ဟု ပြောသည်။

ယခုနှစ် ၂၀၂၃ ဇန်နဝါရီလမှ ဩဂုတ်လအထိ ၈ လအတွင်း  တရုတ်ကို တင်ပို့သည့် ဓာတ်ငွေ့မှ စစ်ကောင်စီသည် အမေရိကန် ဒေါ်လာ (၉၉၃.၉၄)သန်း ဝင်ငွေရရှိထားကြောင်း သိရသည်။

အဆိုပါ ရေနံနှင့် သဘာ၀ဓာတ်ငွေ့စီမံကိန်ကြောင့် ကျောက်ဖြူမြို့နယ် မဒေးကျွန်းပေါ်နှင့် ပိုက်လိုင်းဖြတ်သန်းရာ နယ်မြေတစ်လျှောက်တွင် လယ်မြေဥယျာဉ်ခြံမြေများ ပျက်စီးဆုံးရှုံးခြင်း၊ ရပ်ရွာများနှင့် သုဿာန်များ ပြောင်းရွှေ့ရခြင်း၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဆုံးရှုံးခြင်းများကိုသာ ပြည်သူများခံစားနေရပြီး ယနေ့အချိန်ထိ ပြောင်းလဲတိုးတက်မှု တစ်စုံတစ်ရာ မရှိကြောင်း ဒေသခံများက ပြောကြားသည်။

တရုတ်-မြန်မာ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းသည် ရပ်ဝန်းနှင့် ပိုးလမ်းမ အစပျိုးဖော်ဆောင်မှု (BRI) ၏ ကနဦးစီမံကိန်းတွေထဲက တစ်ခုဖြစ်ပြီး  အဆိုပါ စီမံကိန်းကို အပြည့်အ၀ အကောင်အထည်ဖော်လာပါက ရခိုင် ရိုးရာယဉ်ကျေးမှု အမွေအနှစ်များလည်း ဆုံးရှုံးလာနိုင်ပြီး ဒေသအတွင်း နိုင်ငံခြားသားများ၏ စီးပွားရေးအရ လွှမ်းမိုးချုပ်ကိုင်မှုများ ပိုမိုများပြားလာနိုင်သည်ဟု လေ့လာသုံးသပ်မှုများက ပြောဆိုကြသည်။  
တရုတ်အကောက်ခွန် အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့(GACC)၏ အချက်အလက်များအရ ၁၀ နှစ်အတွင်း တရုတ်-မြန်မာ သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှ တရုတ်နိုင်ငံသို့ သဘာဝဓာတ်ငွေ့ (၅၂) ဘီလီယံ ကုဗမီတာ ပို့လွှတ်ခဲ့ပြီး နောက်ထပ်လည်း သဘာ၀ဓာတ်ငွေ့ တွင်းသစ်များကို ရခိုင်ပင်လယ်ပြင်တွင် ဆက်လက်ရှာဖွေနေဆဲဖြစ်သည်။

ပိုက်လိုင်းစီမံကိန်းတွင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) က ရှယ်ယာ (၇.၃၆) ရာခိုင်နှုန်း ပိုင်ဆိုင်ထားပြီး ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလအထိ အစုရှယ်ယာရှင်များ၏ ရင်းနှီးမြှုပ်နှံမှုအပေါ် ပြန်လည်ရရှိမှုမှာ ၁၆၅ ရာခိုင်နှုန်း ရှိခဲ့ကြောင်းလည်း ဖော်ပြထားသည်။

လက်ရှိစာရင်းများအရ ပိုက်လိုင်းမှတစ်ဆင့် တရုတ်နိုင်ငံထံ ဓာတ်ငွေ့တင်ပို့မှု အများဆုံးပြုလုပ်နေသည့် နိုင်ငံများထဲတွင် မြန်မာနိုင်ငံသည် တတိယအများဆုံး တင်ပို့သူအဖြစ်ရှိနေသည်ဟု သိရသည်။

(NN-11)

ပုံစာ - ရေနံနှင့် သဘာ၀ဓာတ်ငွေ့ စီမံကိန်းတည်ရှိရာ ကျောက်ဖြူ မဒေးကျွန်းမှ ဒေသခံများကို လွန်ခဲ့သည့်နှစ်အနည်းငယ်ကတွေ့ရစဉ်

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!