တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ဝိုင်းမော်မြို့နယ်၊ မြစ်ကြီးနား - ဗန်းမော်ကားလမ်းပေါ်ရှိ ကဇူး-ဒဘတ် တံတားကို စစ်ကောင်စီတပ်က မိုင်းခွဲဖျက်ဆီး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 323

လူထက်နိုင် (ဒွါရာမြေ)

နိရဉ္စရာ ၊မေ ၉ /၂၀၂၄

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်၊ ကဇူးယန်ကျေးရွာနှင့် ဒပတ်ယန်ကျေးရွာအနီး မြစ်ကြီးနား−ဗန်းမော် ကားလမ်းပေါ်တွင် တည်ရှိသော ကဇူး- ဒဘတ် တံတားကို စစ်ကောင်စီတပ်က မေလ ၈ ရက်တွင် မိုင်းခွဲဖျက်ဆီးလိုက်ကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။

အဆိုပါတံတားသည် ဝိုင်းမော်မြို့၏ တောင်ဘက် မိုင် ၄၀ ခန့်အကွာတွင်တည်ရှိပြီး ပေ ၁၀၀ ကျော် အရှည်ရှိကာ မိုင်းခွဲဖျက်ဆီးခံလိုက်ရသောကြောင့် တံတားကျိုးပြီး လမ်းပန်းဆက်သွယ်ရေး နှင့် ကုန်စည်အရောင်းအဝယ် ပြတ်တောက်နေကြောင်း ဒေသပြည်သူများကပြောသည်။

တံတားနှင့် (၇)မိုင်ခန့် ဝေးကွာသော ရွှေညောင်ပင်ကျေးရွာတွင် ခြေစိုက်သည့် စစ်ကောင်စီ ခြေလျင်တပ်ရင်းအမှတ် (၃၂၁) မှ စစ်သားများက လာရောက်ကာ မိုင်းခွဲဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း၊ KIA နှင့် တော်လှန်ရေးတပ်များ မလာရောက်နိုင်စေရန် ရည်ရွယ်၍ တမင်ဖျက်ဆီးသည်ဟု ယူဆရကြောင်း ဒေသတွင်းသတင်းများတွင် ဖော်ပြထားကြသည်။

မေ ၇ ရက်နေ့တွင် ဗန်းမော်၊ မိုးမောက်၊ ဝိုင်းမော်နှင့် မံစီမြို့နယ်တို့မှ စင်းခန်းဧရာဝတီမြစ်ကူးတံတားစောင့်စခန်း၊ တာဝါတိုင်စခန်း၊ ခလရ ၅၆၊ ခလရ ၁၀ ၊ ဗန်းမော်တာဝါတိုင်စခန်း၊ ဝိုင်းမော် မုန်ကာဇွပ်လောဖြူး၊ဖော့ဒေါ့စခန်း၊ စင်းခန်းစစ်စခန်း၊ ဧရာဝတီမြစ်ကူးတံတားလုံခြုံရေးဂိတ်စခန်း၊ စင်းခန်းချောင်းကူးတံတားလုံခြုံရေးကင်းစခန်း၊ စင်းခန်းနယ်မြေစခန်းတို့ကို KIAက သိမ်းယူနိုင်ခဲ့ကြောင်းသိရသည်။

ဓာတ်ပုံ - အင်တာနက်

ဆက်စပ် သတင်းများ