ကြာသပတေး၊ မေလ ၉ရက်၊ ၂၀၂၄

မိုခါမုန်တိုင်းဒဏ်ကို အကြီးအကျယ်ခံခဲ့ရသည့် ရခိုင်စစ်ဘေးရှောင်စခန်းများတွင် ဆောင်းရာသီစဝင်လာပြီဖြစ်သဖြင့် စောင်နှင့် အနွေးထည်များ အရေးပေါ်လိုအပ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 594

မိုခါမုန်တိုင်းဒဏ်ကို အကြီးအကျယ်ခံခဲ့ရသည့် ရခိုင်စစ်ဘေးရှောင်စခန်းများတွင် စောင်၊ အနွေးထည်၊ ခြင်ထောင်၊ ဖျာစသည့် ပစ္စည်းများ အကြီးအကျယ် ပျက်စီးဆုံးရှုံးသွားခဲ့သဖြင့် ယခု ဆောင်းရာသီသို့ စတင်ဝင်ရောက်လာရာ အဆိုပါ ပစ္စည်းများကို အရေးပေါ် အကူအညီလိုအပ်နေသည်ဟု  စစ်ဘေးရှောင်များက ပြောသည်။

ကျောက်တော်မြို့ရှိ၊ ညောင်ချောင်းစစ်ဘေးရှောင်စခန်းတွင် ယခုနိုဝင်ဘာလမှ စတင်ကာ ရာသီဥတု၏ ချမ်းအေးမှုကို ခံစားနေရပြီဖြစ်သည့်အတွက် စောင်နှင့် အနွေးထည်များ အလုံအလောက် မရှိ၍ ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများ အဓိက အခက်အခဲဖြစ်နေရသည်ဟု စခန်းတွင်နေထိုင်သည့် ဒေါ်ဆန်းနွယ်က ပြောသည်။

"ရှိတဲ့စောင်ကလည်း တစ်ဘက်ကဆွဲခြုံလိုက်ရင် တစ်ဘက်ကမလုံတော့ဘူး။ အနွေးထည်တွေလည်းလိုတယ်။ ခြင်ထောင်ကလည်း ငယ်တော့ မလုံဘူး။ အခင်းဖျာတွေလည်း မိုခါနဲ့ပါသွားတော့ ပြဲနေပြီ။ ရှိတာတွေကို ဖာထေးပြီး နေရတာရှိတယ်။ ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေ ဒီအချမ်းဒဏ်ကို အဓိက ခံနေရတယ်" ဟုပြောသည်။

အဆိုပါစခန်းကို ၂၀၁၇ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ကာ  ကျောက်တော် မြို့နယ်မှ ပြိုင်းတိုင်း၊ အထက်တင်းမ၊ တင်းမကြီး၊ လောင်းရှည်ရွာ၊ မီးဝကျေးရွာနှင့် ပလက်ဝမြို့နယ်မှ လိပ်ခေါင်း၊ မီးလက်ဝ၊ နှမဒါ၊ ဆမီးကျေးရွာနှင့် ပျဥ်ဝကျေးရွာ စသည့် ကျေးရွာပေါင်း ၂၀ ကျော်ခန့်မှ အိမ်ထောင်စု ၇၀၀ နီးပါရှိပြီး လူဦးရေ စုစုပေါင်း ၃၀၀၀ နီးပါး ခိုလှုံနေထိုင်ကြသည်။


ကျောက်တော်မြို့၊ ရထားဘူတာစစ်ဘေးရှောင်စခန်းက စစ်ဘေးရှောင်တစ်ဦးက "အနွေးအထည်အပါအဝင် စောင်တွေလည်းလိုတာပေါ့နော်။ ကိုယ်တိုင် ဝယ်ရအောင်ထိ အပြင်မှာလည်း အလုပ်က ပုံမှန်မလုပ်ရဘူး။ စားဝတ်နေရေးတောင် ထောက်ပံ့ကြေးလည်း သိပ်မရတော့ ငါးဟင်းမပြောနဲ့။ ကန်စွန်းရွက်နဲ့တောင် မိသားစု လောက်ငှအောင် မစားရဘူး" ဟုပြောသည်။

အဆိုပါ ရထားဘူတာစခန်းတွင် အိမ်ထောင်စု ၂၃၆ စုရှိပြီး စုစုပေါင်း လူဦးရေ ၉၃၉ ဦး ခိုလှုံနေထိုင်ကြသည်။

အလားတူ မြောက်ဦးမြို့ လက်ကောက်ဈေးစစ်ဘေးရှောင်စခန်းတွင်လည်း စားသောက်သောက်ရေးတွင် အလွန်တရာအခက်အခဲဖြစ်နေ၍ ယခုနှစ် ဆောင်းရာသီအတွက် လိုအပ်သည့် ဆောင်းရာသီ အသုံးအဆောင်များကို အဖွဲ့အစည်းများအား တင်ပြတောင်းဆိုထားသည်ဟု ၎င်းစခန်းမှတာဝန်ခံ ဦးလင်းနိုင်က ပြောသည်။

"အနွေးထည်တွေ၊ စောင်တွေကို ကိုယ်တိုင် ဝယ်ရအောင်လည်း ပိုက်ဆံ ဘယ်ကရမလဲ။ စာရေးသောက်ရေးတောင် အဆင်မပြေဘူး။ လိုအပ်ချက်တွေကို အဖွဲ့အစည်းတွေက ကူညီပေးစေချင်ပါတယ်။ တင်ပြထားတာလည်းရှိတယ်" ဟုပြောသည်။

အဆိုပါ စစ်ဘေးရှောင်စခန်းတွင် မြောက်ဦးမြို့နယ်မှ ပေါက်တောပြင်၊ အုတ်ဖိုကန်၊ ရွာဟောင်းတော ဝေသာလီနှင့် သရက်ချောင်းကျေးရွာတို့မှ နေထိုင်ကြပြီး မင်းပြားမြို့နယ်မှ ပန်းမြောင်းရွာနှင့် ကျောက်တော်မြို့နယ်မှ အလယ်ကျွန်းရွာတို့မှ စုစုပေါင်း ကျေးရွာ ၇ ရွာခိုလှုံနေထိုင်ကြသည်။

၎င်းစခန်းကို ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး အိမ်ထောင်စု ၁၅၉ ရှိကာ စုစုပေါင်း လူဦးရေ ၆၃၀ ဦး နေထိုင်ကြဟု ၎င်းက ပြောသည်။

ထို့အတူ ရသေ့တောင်မြို့ရှိ ဓမ္မာရုံစစ်ဘေးရှောင်စခန်းတွင်ဆိုလျှင်လည်း WFP (ကမ္ဘာစားနပ်ရိက္ခာအစီအစဉ်)က လစဉ်ထောက်ပံ့ကြေးငွေ တစ်ဦးလျှင် ကျပ်ငွေ ၃၃၀၀၀ ကျပ် တစ်ခုတည်းဖြင့်သာ ရပ်တည်နေရသည့်အတွက် ဆောင်းရာသီအတွက် လိုအပ်နေသည့် အသုံးအဆောင်များ လိုအပ်နေကြောင်း ၎င်းစခန်းမှတာဝန်ခံ ဦးကျော်ထွန်းနိုင်က ပြောသည်။

"ညဆိုရင် နည်းနည်းအေးလာပြီ။ စောင်တွေ၊ ခြင်တောင်တွေ၊ အနွေးထည်တွေ လိုပါတယ်။ မုန်တိုင်းနဲ့ အကုန်ပျက်စီးကုန်တယ်။ အခုအချိန်ထိတော့ လာလှူတာတော့ မရှိသေးဘူး။ အလုပ်ကလည်း ကျဘန်းလုပ်နေကြတာဆိုတော့ အမြဲတမ်းလည်း မလုပ်ရဘူး။ စားဖို့တောင် လိုက်မမီတာ အနွေးထည်တွေ၊ စောင်တွေ ဘယ်လိုဝယ်နိုင်မလဲပေါ့နော်" ဟုပြောသည်။

အဆိုပါ စစ်ဘေးရှောင်စခန်းကို ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလတွင် ရ‌သေ့တောင်မြို့၊ အရှေ့မြောက်ရပ်ကွက်ရှိ ဓမ္မာရုံကျောင်းတိုက်၌ တည်ထောင်ထားခြင်းဖြစ်သည်။

၎င်းစစ်ဘေးရှောင်စခန်းတွင် ရသေ့တောင့်မြို့နယ်မှ ထီးစွဲ၊ ကျောက်တန်း၊ အောင်မြေကုန်းနှင့် သောင်းဒရားရွာ စသည့်ကျေးရွာ ၇ ရွာခန့်မှ အိမ်ထောင်စု ၁၈၁ စုရှိပြီး စုစုပေါင်းလူဦးရေ ၅၈၇ ဦး ခိုလှုံနေထိုင်ကြသည်။

ရခိုင်ရှိစစ်ဘေးရှောင်များအတွက် လက်ရှိတွင် WFP က လစဉ်ထောက်ပံ့ကြေးငွေ တစ်ခုတည်းသာရရှိပြီး စစ်ကောင်စီက ထောက်ပံ့ကူညီမှုလည်းမရှိသလို ပြင်ပအလှူရှင်များကလည်း လာရောက်လှူဒါန်းမှု မရှိ​ကြောင်း သိရသည်။

ယင်းကြောင့် စားဝတ်နေရေးခက်ခဲမှုပြဿနာကို လက်လုပ်လက်စားဘဝဖြင့် ဖြေရှင်းနေရကာ အလုပ်မရသည့်နေ့များတွင် အငတ်နေရသည်များလည်း ရှိကြောင်း စစ်ဘေးရှောင်များက ပြောသည်။

ရခိုင်တွင် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်ကစပြီး  ရက္ခိုင့်တပ်တော်(အေအေ)နှင့် မြန်မာ စစ်တပ်တို့ အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများထဲက  နေရပ်စွန့်ခွာ ထွက်ပြေးလာရသူ ၂ သိန်းကျော်အထိ ရှိခဲ့ပြီး အများစုမှာ အိမ်ပြန်သွားကြပြီ ဖြစ်သော်လည်း စစ်ရေး၊ လုံခြုံရေးအပါအဝင် အခြေအနေ အရပ်ရပ်ကြောင့်  နေရပ်ကိုမပြန်နိုင်သူ စစ်ဘေးရှောင်ဦးရေမှာ လက်ရှိအချိန်တွင် ၆၀၀၀၀ ဝန်းကျင်ကျန်ရှိနေသေးကြောင်း သိရသည်။ (NN-13)

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!