ကြာသပတေး၊ မေလ ၉ရက်၊ ၂၀၂၄

စစ်ဘေးရှောင်စခန်းများနှင့် IDP Camp များတွင် ကျန်းမာရေးဌာနနှင့် NGO/INGO များအနေဖြင့် အမျိုးသမီးကျန်းမာရေးစောင့်ရှောက်မှု၊ အသိပညာပေးမှုများ ပြုလုပ်ပေးရန်လိုအပ်


  • ရေးသူ: Web Master (NN 07)
  • | ရက်စွဲ: ၀၄ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 606


ရခိုင်မှ စစ်ဘေးရှောင်စခန်းများနှင့် IDP Camp များရှိ နေအိမ်၊ အဆောင်များ မလုံခြုံမှုကြောင့် အမျိုးသမီးများ ကျန်းမာရေးထိခိုက်မှုနှင့် လုံခြုံရေးအားနည်းမှုများ ကြုံတွေ့နေရသဖြင့် အဖွဲ့အစည်းများအနေဖြင့် ကျန်းမာရေး အသိပညာပေးရေးလုပ်ငန်းများ၊ စောင့်ရှောက်မှုလုပ်ငန်းများ ပြုလုပ်ပေးရန် ပိုမိုလိုအပ်လျှက်ရှိနေသည်ဟုသိရသည်။ 

မိုခါမုန်တိုင်းတိုက်ခတ်ပြီးနောက် ပျက်စီးမှုများကိုလည်း အလုံးစုံပြန်လည်ပြုပြင်နိုင်ခြင်းမရှိသေးသည့်အတွက် လုံခြုံရေးပိုမိုအားနည်းကြောင်း စစ်ဘေးရှောင်များက ပြောသည်။ 

နေအိမ်အဆောင်များ မလုံခြုံမှုကြောင့် တစ်ကိုယ်ရည်သန့်ရှင်းမှုနှင့် စိတ်လုံခြုံမှုအပိုင်းတွင် အားနည်းပြီး ရှက်ကြောက်စိုးရိမ်မှုများရှိကြောင်း ကျောက်တော်မြို့ရှိ တောင်မင်းကုလားစစ်ဘေးရှောင်စခန်းမှ အမျိုးသမီးနှင့် ကလေးတာဝန်ခံ ဒေါ်မအေးခိုင်က ပြောသည်။ 

"အိမ်တွေက မလုံခြုံတော့ ငါအိပ်ရင် အဝတ်တွေ ဘာတွေများပုံပျက်နေလား။ အိမ်မှာ ရေချိုးရင် ဒီအိမ်ကများ မြင်ရမလား ဆိုတဲ့ စိုးရိမ်မှုတွေ ရှိတယ်။ ဓမ္မတာအချိန်မှာဆိုလည်း မလုံမခြုံ အပြင်မထွက်ရဲ။ အမျိုးသမီးမလို့ အမျိုးသားတွေနဲ့မတူဘူး။ ဒီလ ဓမ္မတာလာရင် ဘယ်လိုနေမလဲဆိုပြီးလည်း ခံစားမှုမျိုးရှိပါတယ်"ဟုပြောသည်။ 

ရခိုင်မှ စစ်ဘေးရှောင်စခန်းများရှိ နေအိမ်၊ အဆောင်အများစုမှာ ဓနိမိုး၊ ဝါးထရံနှင့် တာပေါ်လင်အကာများဖြစ်ကြသည်။ စစ်ဘေးရှောင်စခန်းတချို့ကို အဆောင်များပြန်ဆောက်ရန် တစ်ဆောင်ကို ဝါး ၃၅၀၊ တိုင်အငယ် ၉ လုံးပေးထားသော်လည်း အများစုမှာ ပြန်လည်ဆောက်လုပ်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။ 

ယင်းအပြင် ရေချိုးခန်း၊ အိမ်သာများ ကောင်းမွန်စွာ မရှိခြင်းကြောင့်လည်း အမျိုးသမီးအများစု ကျန်းမာရေး ထိခိုက်မှုများရှိနေကြောင်း ကျောက်တော်မြို့နယ်၊ ညောင်ချောင်း စစ်ဘေးချောင်စခန်းမှ အမျိုးသမီးတစ်ဦးက ပြောသည်။ 

"တစ်ကိုယ်ရည် သန့်ရှင်းဖို့၊ အပေါ့စွန့်ပြီးရင် ဆေးကြောဖို့ နေရာတွေပေါ့လေ။ ဟိုဘက်က လူမရှင်း၊ ဒီဘက်ကလူမရှင်း မြင်များမြင်သွားပြီလားငါ့ကို ဆိုပြီး သေချာမဆေးကြောဖြစ်ဘူး။ အဲ့ဒါတွေကြောင့် မိန်းမကိုယ်မှာ အနာတွေ၊ ယားယံတာတွေ မကြာမကြာဖြစ်ကြတယ်" ဟုပြောသည်။

ထိုနည်းတူ မူဆလင်ကယ်ဆယ်ရေးစခန်းများရှိ နေအိမ်၊ အဆောင်အများစုသည် သွပ်မိုး၊ ပျဉ်ကာများဖြစ်သော်လည်း မိုခါတိုက်ခတ်ပြီးနောက် ပျက်စီးမှုများကို လက်ရှိအချိန်အထိ ပြုပြင်ပြီးစီးမှုမရှိသေးကြောင်း သိရသည်။ 

ကယ်ဆယ်ရေးစခန်းများတွင် ကျပ်တည်းစွာ နေထိုင်ကြရသည့်အတွက် လွတ်လပ်မှုမရှိဘဲ အမျိုးသမီးများ တစ်ကိုယ်ရည်သန့်ရှင်းမှုအားနည်းကာ အဆင်မပြေဖြစ်ရသည်ဟု စစ်တွေမြို့ရှိ သက္ကယ်ပြင်ကယ်ဆယ်ရေးစခန်းမှ အမျိုးသမီးတစ်ဦးက ပြောသည်။ 

“အပျိုလေးတွေက ပိုအခက်အခဲရှိတယ်။ မိသားစုအားလုံးပေါင်းနေရတော့ တစ်ခန်းမှာ လေးငါးယောက်လောက်ပဲ နေလို့ရတာပါ။ အဲ့ဒါကို ၁၀ ယောက်၊ ၁၅ ယောက်နေနေရတော့ အခက်အခဲဖြစ်တာပေါ့။ စခန်းအလယ်က အဆောင်တွေဆို ပိုအခက်အခဲဖြစ်ပါတယ်။ ရေချိုးဖို့ အခက်အခဲ၊ အိမ်သာတက်ဖို့အခက်အခဲ ရှိတယ်။ အနောက်ပိုင်းကအဆောင်တွေက ရေချိုးဖို့နေရာလုပ်လို့ရသေးတယ်။ နောက်ပြီး ပိုက်ဆံမရှိတဲ့လူက များတယ်။ ရှိတဲ့လူတွေမှာ လုပ်လို့ရပေမယ့် ပိုက်ဆံမရှိရင် ရေချိုးခန်းလည်း မလုပ်နိုင်ဘူး"ဟု ပြောသည်။ 

စစ်တွေမြို့ရှိ ဘောဒူဘမူဆလင်ကယ်ဆယ်ရေး စခန်းတွင်လည်း အဆောင် ၁၂၇ လုံးရှိရာ မုန်တိုင်းကြောင့် လုံးဝပျက်စီးသွားသည့် အဆောင် ၄၀ ခန့်ကို လက်ရှိပြုပြင်ပေးလျက်ရှိသော်လည်း လုံးဝမပြုပြင်နိုင်သေးသည့် အဆောင်များလည်းရှိနေသေးကြောင်း သိရသည်။ 

အနည်းအကျည်းပျက်စီးသွားသည့် အဆောင်အများစုမှာ တာပေါ်လင် မိုးကာလျက်ပြုပြင်နေရသည်ဟု ၎င်းစခန်းတွင် နေထိုင်သူ ဦးလှရွှေက ပြောသည်။ 

"ရေချိုးဖို့ကို အဆောင်ထဲမှာ ဖြစ်သလိုလေးကာရံပြီး ပြုပြင်ထားတာတွေလည်းရှိပါတယ်။ အပြင်မှာတော့မချိုးကြပါဘူး။ တချို့မှာလည်း အခက်အခဲရှိကြတယ်။ ကျနော်တို့နားမှာ မရှိတော့ ဘယ်လိုအခက်အခဲရှိတယ်၊ မရှိဘူးက ကျနော်လည်း သေချာမပြောနိုင်ပါဘူး" ဟု ပြောသည်။ 

အမျိုးသမီးများ တစ်ကိုယ်ရည်သန့်ရှင်းမှုနှင့် လုံခြုံရေး ပြဿနာမှာ စစ်ရှောင်စခန်းများနှင့် ကယ်ဆယ်ရေးစခန်းအားလုံးနီးပါးတွင် ကြုံနေရသည့်အခက်အခဲဖြစ်သည်ဟုလည်း ကာယကံရှင်အမျိုးသမီးများက ပြောသည်။ 

ယင်းကြောင့် ကျန်းမာရေးဌာနနှင့် NGO/INGO များအနေဖြင့် အမျိုးသမီးကျန်းမာရေးစောင့်ရှောက်မှု၊ အသိပညာပေးမှုများ ပြုလုပ်ပေးရန်လိုအပ်ပြီး ရေချိုးခန်း၊ အိမ်သာများပြုလုပ်ပေးဖို့ကိုလည်း တောင်းဆိုကြသည်။ 

တောင်မင်းကုလားစစ်ဘေးရှောင်စခန်းမှ အမျိုးသမီးနှင့် ကလေးတာဝန်ခံ ဒေါ်မအေးခိုင်က "ဒုက္ခသည်စခန်းတွေမှာ မအေးခိုင်တို့ စခန်းတစ်ခုပဲမဟုတ်ဘဲ စစ်ရှောင် စခန်းတွေကအမျိုးသမီးတွေအားလုံး ဒီလို ခံစားကြရပါတယ်။ ရွာမှာကတစ်အိမ်နဲ့တစ်အိမ်ဝေးတယ်။ စစ်ရှောင်စခန်းတွေမှာနေတဲ့ အမျိုးသမီးကြီး၊ အမျိုးသမီးငယ်တွေမှာက အိမ်တွေက နီးတယ်လေ။ တစ်ကိုယ်ရည်သန့်ရှင်းမှုတွေမလုပ်နိုင်ဘူး။ ရေချိုးရင်တောင် သေချာ မချိုးနိုင်ဘူး။ တချို့ဆို ယားယံလို့ ရေနွေးတွေနဲ့ဆေး၊ ပြာတွေထည့်နဲ့ လုပ်ကြပါတယ်။ ဒါတွေကြည့်ပြီး NGO တွေနဲ့ အဖွဲ့အစည်းတွေအားလုံးကို အမျိုးသမီးတွေကို နည်းနည်းပါးပါး ဦးစားပေးကြပါလို့၊ တစ်ကိုယ်ရည်သန့်ရှင်းမှုက ဘယ်လိုလုပ်ရမလဲ။ လုံခြုံရေးအတွက်၊ ကိုယ့်အိမ်မှာ ရေချိုးမယ့်အခန်းငယ်လုပ်ဖို့အတွက် ပြောချင်ပါတယ်" ဟု ပြောသည်။ 

ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးဒေါက်တာဇော်ဇော်အောင်ကမူ အမျိုးသမီးများ တစ်ကိုယ်ရည်သန့်ရှင်းမှုက အလွန်အရေးပါသည့်အတွက် သန့်ရှင်းရေး သေချာလုပ်နိုင်ဖို့လိုအပ်သည်ဟု ဆိုသည်။

 "အမျိုးသမီးကျန်းမာရေးက ပိုပြီး အရေးပါတယ်လို့ ပြောလို့ရနိုင်တယ်ပေါ့လေ။ အမျိုးသမီးတွေမှာ လစဥ်ဓမ္မတာလာတဲ့ကိစ္စနဲ့ မွေးလမ်းကြောင်း/အမျိုးသမီးအင်္ဂါ တွေကလည်း ရောဂါပိုးဝင်ရောက်နိုင်တဲ့အနေအထားတွေ၊ အပြုအမူတွေ၊ သန့်ရှင်းရေး သေချာမလိုက်နာနိုင်ရင် အဲ့ဒီပြဿနာတွေတက်တယ်။ ဆီးလမ်းကြောင်း ပိုးဝင်တဲ့ရောဂါတို့ပေါ့နော်။ ဒါကြောင့် သန့်ရှင်းရေးကို သေချာလုပ်နိုင်ဖို့လိုပါတယ်"ဟု ပြောသည်။ 

ကျန်းမာရေးဌာနအနေနှင့် သားဆက်ခြားနှင့် အမျိုးသမီးကျန်းမာရေး အသိပညာပေး စာရွက်စာတမ်းဖြန့်ဝေရေး၊ လစဥ်သုံးပစ္စည်းများ ဖြန့်ဝေရေးတို့ကို NGO/INGO အဖွဲ့တချို့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော်လည်း ကျန်းမာရေးစောင့်ရှောက်မှု အပိုင်းတွင်အားနည်းနေဆဲဖြစ်ကြောင်း သိရသည်။ ယခုကိစ္စများနှင့် ပတ်သက်၍ အသေးစိတ်သိရှိနိုင်ရန် ရခိုင်ပြည်နယ်ကောင်စီ ပြောခွင့်ရ၊ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းအားဆက်သွယ်မေးမြန်းခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။ 

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!