ကြာသပတေး၊ မေလ ၉ရက်၊ ၂၀၂၄

ဘူးသီးတောင်တွင် ဘင်္ဂလားဒေ့ရှ်မှ ဝင်ရောက်လာသည့် မွတ်ဆလင် မိသားစု ၆ ဦး ဖမ်းဆီးခံရ


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၀၄ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 520

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ မြောင်းနားကျေးရွာတွင် တစ်ဖက် ဘင်္ဂလား‌ဒေ့ရှ်နိုင်ငံမှ တရားမဝင် ဝင်ရောက်လာသည့်အတွက်ဟုဆိုကာ မွတ်ဆလင် မိသားစုဝင် ၆ ဦး ဖမ်းဆီးခံလိုက်ရကြောင်း ပြည်နယ်စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါကျေးရွာတွင် တစ်ဖက်နိုင်ငံမှ တရားမဝင် ဝင်ရောက်လာသည့် မွတ်ဆလင်မိသားစုတစ်စု ရောက်ရှိနေကြောင်း သတင်းရရှိ၍ တာဝန်ရှိသူများက ယမန်နေ့ နိုဝင်ဘာလ ၃ ရက်၊ နံနက်ပိုင်း၌ သွားရောက်စစ်ဆေးခဲ့ရာ အာမိန်အာလီ (၃၇)နှစ်အပါအဝင် မွတ်ဆလင် ၆ ဦးအား တွေ့ရှိသဖြင့် လိုအပ်သည်များ စစ်ဆေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သူတို့ထဲတွင် အမျိုးသမီး ၂ ဦး၊ အမျိုးသား ၁ ဦးနှင့် ကလေး ၃ ဦးပါဝင်သည်ဟု သိရသည်။

သူတို့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ကူတူပါလောင်ဒုက္ခသည်စခန်းတွင် နေထိုင်သူများဖြစ်ပြီး ယခင်နေထိုင်ခဲ့သည့် မြောင်းနားကျေးရွာ၌ ပြန်လည်နေထိုင်ရန် တက္ကနာ့ပ်ဖ်မြို့နယ်မှ ရသေ့တောင်မြို့နယ်၊ အငူမော်ကုန်တန်းရွာ၊ အာကာတောင်ရွာ၊ ယင်းမှတစ်ဆင့် ဘူးသီးတောင်မြို့နယ်သို့ စက်လှေများ အဆင့်ဆင့်ငှားရမ်းကာ တရားမဝင်ပြန်လည်ဝင်ရောက်လာကြောင်း ထွက်ဆိုခဲ့သည်ဟု သိရသည်။

ဘူးသီးတောင် မြို့ခံတစ်ဦးက "သူတို့ကအလုပ်အကိုင်ရှားလို့ ခိုးထွက်ကြတယ်။တစ်ခါတစ်လေ ပွဲစားတွေလိမ်တာခံရတာမျိုးလည်း ရှိတာပေါ့။ သူတို့က မလေးရှားတို့ကို ထွက်ပြေးတာများတယ်" ဟု ပြောသည်။

လက်ရှိတွင် သူတို့ကို
 သက်ဆိုင်ရာ နယ်မြေရဲစခန်း၌ ထိန်းသိမ်းထားပြီး လဝကအက်ဥပဒေဖြင့် အမှုဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။ (NN-11)

ဓာတ်ပုံ - ရခိုင်နေ့စဥ်

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!