ကြာသပတေး၊ မေလ ၉ရက်၊ ၂၀၂၄

စစ်တွေမြို့တွင် ယခုရက်ပိုင်းအတွင်း စားသုံးကုန်ဈေးနှုန်းများမြင့်တက်လာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 633

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ယခုရက်ပိုင်းအတွင်း စားသုံးကုန်ဈေးနှုန်းများမြင့်တက်လာသည့် အတွက် ရောင်းချသူနှင့် ဝယ်ယူစားသုံးသူများ အကြား အခက်အခဲကြုံနေရသည်ဟု သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာတွင် တရုတ်ကြက်သွန်ဖြူ တစ်ပိဿကို ကျပ်ငွေ ၈၅၀၀ ခန့်ရှိခဲ့ပြီး၊ ယနေ့ဈေးမှာ ကျပ် ၁၅၀၀၀ အထိမြင့်တက်သွားခဲ့ကာ ကြက်သွန်နီ တစ်ပိဿကို ကျပ် ၃၀၀၀ ရှိခဲ့ရာမှ  ယနေ့တွင် ကျပ် ၄၀၀၀ အထိ မြင့်တက်သွားခဲ့သည်ဟု ဆိုသည်။

၎င်းပြင် ပြီးခဲ့သည့် အောက်တိုဘာလတွင် ဂျင်းတစ်ပိဿကို ကျပ် ၃၀၀၀ ခန့်သာရှိခဲ့ပြီး၊ ယနေ့တွင် ကျပ် ၁၀၀၀၀ အထိ မြင့်တက်နေသည်ဟု စစ်တွေရွှေပြားစျေးတွင် ရောင်းချနေသည့် ဆိုင်ရှင် တစ်ဦးမှပြောသည်။

အောက်တိုလတွင် အာလူးတစ်ပိဿကို ကျပ် ၃၀၀၀ ရှိရာမှ လက်ရှိတွင် ကျပ် ၄၀၀၀ အထိ ဈေးမြင့်တက်လာပြီး၊ ငရုတ်သီးအစိမ်း တစ်ပိဿမှာ ကျပ် ၄၅၀၀ မှ လက်ရှိတွင် ကျပ် ၆၀၀၀ ကျော်ခန့် မြင့်တက်နေကြောင်း၊ ခရမ်းချဉ်သီး တစ်ပိဿကို ယခင်လက ၂၅၀၀ ခန့်ရှိပြီး၊ လက်ရှိတွင် ၂၈၀၀ အထိ ဈေးမြင့်တက်နေကြောင်း ၎င်းကပြောသည်။


" ပစ္စည်းတွေက ပြည်မဘက်တွေက မရောက်ဘူး။  ပစ္စည်းတွေက ရှာမရတော့ ရှိတဲ့ပစ္စည်းကို ဈေးတင်ရောင်းကြတော့ ရောင်းတဲ့အတိုင်း ဦးလေးတို့မှာဝယ်ရတာပေါ့လေ။ ဦးလေးတို့ ဈေးတင်ရောင်းတော့ ဝယ်သူတွေဘက်က ဝယ်လိုအားကျသွားတယ်။ လျော့စားကြတယ်ထင်ပါတယ်။ ရောင်းအားလည်း ကျသွားတယ်" ဟုပြောသည်။

ထို့အတူ ရခိုင်သို့တင်သွင်းသည့် ဟင်းသီးဟင်းရွက်ကားများကိုလည်း စစ်ကောင်စီစစ်ဆေးရေး ဂိတ်များတွင် အချိန်မှီမရောက်ရှိသော်လည်း ဂိတ်ပိတ်ထားသည့်အတွက် ဟင်းသီးဟင်းရွက်များ ညိုးနွမ်းသွား၍ ဈေးကောင်းမရရှိဘဲ အရှုံးပေါ်သည့်အချိန်မျိုးလည်း ကြုံတွေ့နေကြရသည်ဟု ဟင်းသီးဟင်းရွက်ရောင်းချသည့် အမျိုးသမီးတစ်ဦးက ပြောသည်။

" ပြည်မဘက်ကလာတဲ့ ဟင်းတွေရှိတယ်။ စစ်ဆေးရေးဂိတ်က ည ၆ နာရီဆို ပိတ်တဲ့အချိန်မျိုးနဲ့တိုးရင် စစ်တွေဈေးကြီးကို နောက်နေ့ နေ့လယ်လောက်မှဝင်လာတော့ ရောင်းရမယ့်မချိန်မှာ မရောင်းရဘူး။ ဟင်းသီးဟင်းရွက်တွေက ကြာသွားရင် အရွက်တွေက ပြိုကျသွားတွေ၊ ဝါသွားတာတွေ၊ မလတ်တော့ဘူးပေါ့။ ဖရဲသီးတွေဆိုလည်း သူတို့ဖောက်ထိုးပြီး စစ်တာလေ။ အသီးတွေ ပုတ်တာ ပုတ်နဲ့ပေါ့။ ရှိတာကို ဝယ်ရင်ဈေးတက်တယ် " ဟုပြောသည်။

ထမင်းဆိုင်ရှင်မတစ်ဦးက " အဒေါ်တို့ဘက်မှာက ကျောင်သားတွေ၊ အလုပ်သမားတွေ အဓိက ဝယ်စားကြတာဆိုတော့ ဈေးအများ တင်ရောင်းလည်းမရဘူး။ ဟင်းတစ်ခွက်ကို အရင် ၃၀၀ ရောင်းရင် အခု ၅၀၀ ရောင်းရတယ်။ အမြတ်ရလို့ ရောင်းစားနေတာထက် ထမင်းစားရဖို့ အဓိဆိုတဲ့စိတ်တစ်ခုကြောင့်ပေါ့ " ဟုပြောသည်။

စစ်တွေမြို့သို့ ဟင်းသီးဟင်းရွက်များ တင်ဆောင်လာသည့် ကားများမှာလည်း တန်ချိန်အလိုက်  စစ်ကောင်စီဂိတ်များတွင် ငွေကြေးများပေးဆောင်နေရသည်ဟုလည်း ဟင်းသီးဟင်းရွက်ရောင်းချသည့် အမျိုးသမီးများကပြောသည်။

ထို့အတွက်ကြောင့် စစ်တွေမြို့တွင် ကုန်ဈေးနှုန်းများတဖြည်းဖြည်းမြှင့်တက်လာပြီး၊ လက်ရှိအချိန်တွင် အလုပ်အကိုင်များရှားပါးသည့်အပြင် ဈေးကိုမှီခို၍ ဝယ်ယူစားသောက်နေရသည့် မြို့ခံများအနေဖြင့် အထူးအခက်အခဲဖြစ်နေကြရသည်ဟု ဆိုသည်။

ကုန်ဈေးနှုန်းများမှာ ရပ်တန့်မနေဘဲ ဆက်လက်မြင့်တက်နေပါက ဒေသတွင်ခိုးဆိုးလုယက်မှုများပိုမို များပြားလာနိုင်မည်ဖြစ်ကြောင်း မြို့ခံတစ်ဦးကပြောသည်။

" အရင်က ငရုပ်သီး ၁၀၀၀ ဖို့ဆို ငရုပ်ထောင်းလို့လည်းရတယ်။ ဟင်းချက်လည်းရတယ်။ အခု ဟင်းတောင်မချက်ရဘူး။ ဒီလိုသာဆို သူခိုးသူဝှက်တွေ ပိုများလာမှာပေါ့။ ကလေးလို့ မဟုတ်ဘူး။ နေ့ခင်းဆိုလည်းချောင်းနေကြတယ်။ လူလစ်တာနဲ့ ဝင်ယူကြမှာ။ မျက်စိ ဒေါက်ထောက်ပြီး ကြည့်နေရတယ် " ဟုပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလလယ်ပိုင်းမှစတင်၍ ပြည်မဘက်မှ ရခိုင်ပြည်နယ်သို့ တင်သွင်းသည့် ကုန်စည် စီးဆင်းမှုများ နှောင့်နှေးခြင်းများရှိခဲ့ပြီး ကုန်ဈေးနှုန်းများမှာလည်း တစ်စတစ်စမြင့်တက် လာခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

 (NN -13)

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!