ကြာသပတေး၊ မေလ ၉ရက်၊ ၂၀၂၄

ရခိုင် တေးရေး၊ တေးဆို ဦးရွှေဘော်သိန်း လူကြီးရောဂါဖြင့် ကွယ်လွန်


  • ရေးသူ: Web Master (NN 12)
  • | ရက်စွဲ: ၁၀ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 583

ရခိုင်မှ တေးရေး၊ တေးဆို ဦးရွှေဘော်သိန်းသည် ယမန်နေ့က လူကြီးရောဂါဖြင့် ကွယ်လွန်သွားပြီဟု သိရသည်။

တေးရေး၊ တေးဆို ဦးရွှေဘော်သိန်းသည် လေဖြတ်နေသည်မှာ ၁၃ နှစ်ရှိနေပြီဖြစ်ပြီး ယင်းလေဖြတ်သည့်ရောဂါဖြင့်ပင် ယမန်နေ့ နိုဝင်ဘာလ ၉ ရက်၊ နေ့လယ် ၂ နာရီကျော်က ကွယ်လွန်သွားခြင်းဖြစ်သည်ဟု မိသားစုဝင်တစ်ဦးက ပြောသည်။

"အဖိုးလေဖြတ်နေတာက ကြာပါပြီ။ လူကြီးရောဂါနဲ့ပဲ ဆုံးသွားတာပါ။ အိမ်မှာပဲ ကွယ်လွန်ပါတယ်" ဟု ပြောသည်။

ဦးရွှေဘော်သိန်းသည် စစ်တွေမြို့၊ လမ်းမတော်တောင်ရပ်ကွက်၊ ခေါင်းလောင်းကျောင်းလမ်းတွင် မိသားစုနှင့်အတူ နေထိုင်သူဖြစ်ပြီး ကွယ်လွန်ချိန်တွင် အသက် ၆၁ နှစ်ရှိပြီဖြစ်သည်။

ဦးရွှေဘော်သိန်း ကွယ်လွန်သွားခြင်းအပေါ် ရခိုင်အဆိုတော် ကိုခိုင်ကျော်လင်းက "ကျွန်တော် အဆိုတော်စဖြစ်ခါစကနေ သူနဲ့က ခင်ကြတယ်။ သူ လေးဆယ်သုံး တေးစီးရီးထုတ်တဲ့အခါလည်း ကူညီပေးဖူးတယ်။ သူလည်း ကျွန်တော့်ကို တမ်းတပုံရိပ်ထဲက အလွမ်းလိပ်ပြာ သီချင်းရေးပေးဖူးတယ်။ ကျွန်တော်လည်း သူ့ကိုရေးပေးဖူးတယ်။ အလုပ်တွေလည်း အတူတူလုပ်ဖူးခဲ့ကြတယ်။ စိတ်မကောင်းဖြစ်ရပါတယ်။ လုပ်နိုင်တဲ့ သူတွေက သွားကြတယ်။ ကျန်တဲ့သူတွေကလည်း သမိုင်းတစ်ခုကျန်ဖို့အတွက် ကြိုးစားရမယ်။ ပညာရှင်တစ်ယောက်ထွက်သွားရင် အကုန်ပါသွားပြီ။ သွားကြ၊ လာကြသင်္ခါရသဘောနဲ့ ကျန်တဲ့သူတွေလည်း အများကြီးလုပ်ရမယ်" ဟု ပြောသည်။

တေးရေး၊ တေးဆို ဦးရွှေဘော်သိန်းသည် သူ လေဖြတ်ရောဂါမခံစားရမီ ကုလရက္ခိတမြတ်ဒါန စီးရီးခွေ၌ အားကိုးပါရေစိုင်းဒင် သီချင်းကို နောက်ဆုံး သီဆိုခဲ့ပြီးနောက်ပိုင်းတွင် ကျန်းမာရေးအခြေနေကြောင့် အနုပညာအလုပ်များ ရပ်နားခဲ့ရသည်ဟုလည်း သိရသည်။
 

ယင်းအပြင် ရိုးမဝါး၊ ဆုတောင်းမျက်ရည်၊ လေးဆယ်သုံး၊ အလုံခြုံဆုံးရင်ခွင်၊ မပျော်နိုင်သင်္ကြန်၊ တဖြေးဖြေးနဲ့မုန်းပါ၊ စောင့်နိန်ရေ၊ နတ်မြစ်သူ၊ ချစ်နှမဇာမာလေ၊ ပန်းတော်ဝင်၊ ပျက်ပြယ်၊ အားကိုးပါရေ စိုင်းဒင်၊ လူဝင်စားသုဘဒ္ဒါ၊ စိဉ္ဇမာနစသည့် သီချင်းများကို ရေးသားသီဆိုခဲ့ပြီး လူကြိုက်များခဲ့သည်ဟု သိရသည်။

သူ၏ ကြွင်းကျန်ရစ်သည့် ရုပ်အလောင်းကို နိုဝင်ဘာလ ၁၁ ရက်နေ့၊ ညနေ ၃ နာရီတွင် သင်္ဂြိုဟ်သွားမည်ဟုလည်း မိသားစုဝင်များက ပြောသည်။

ဓာတ်ပုံ - Kyae Sandar Lin

 

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!