ကြာသပတေး၊ မေလ ၉ရက်၊ ၂၀၂၄

စစ်တွေမြို့ ကိုးရီးယားဆိပ်ကမ်းဈေးအနီးတွင် အမှိုက်ပုံများဖြင့် မြင်မကောင်းအောင်ဖြစ်နေ


  • ရေးသူ: Web Master (NN 08)
  • | ရက်စွဲ: ၁၁ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 515

ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့၊ မိဇံရပ်ကွက်ရှိ BXT ဆိပ်ကမ်း(ခေါ်) ကိုးရီးယားဆိပ်ကမ်း ဈေးအနီးတွင် အမှိုက်ပုံများဖြင့် မြင်မကောင်းအောင် ရှုပ်ပွနေသည်ဟု ဒေသခံများက ပြောသည်။

အဆိုပါ စစ်တွေမြို့၊ ကိုးရီးယားဆိပ်ကမ်းအနီး အိုးတန်းရပ်ကွက်ရှိ အရှေ့ဘက်ဧစေတီအနောက် ဘေးလမ်းတွင်လည်း အမှိုက်များဖြင့်ရှုပ်ပွနေသည်မှာ လမ်းထက်ဝက်နီးပါးအထိရှိနေပြီး မြို့မစျေးကြီး ပျံကျစျေးသစ် အနီးရှိ BXT မြေနေရာတွင်ရောင်းချနေကြသည့် ပျံကျစျေးတွင်လည်း အမှိုက်များပုံနေကာ အနံ့အသက်များလွန်စွာ ဆိုးဝါးနေသည်ဟု ဒေသခံများက ပြောသည်။

လူသွားလူလာများသည့် အဆိုပါနေရာဝန်းကျင်တွင် အမှိုက်ပုံများဖြင့် ရှုပ်ပွနေသည်မှာ ဈေးခကောက်သည့် စည်ပင်တွင်လည်း တာဝန်ရှိသလို ဈေးရောင်းချနေသည့်ဈေးသူ၊ ဈေးသားများနှင့် အနီးအနားဝန်းကျင်မှ ဒေသခံများတွင်လည်း တာဝန်ရှိသည်ဟု စစ်တွေမြို့ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

"စည်ပင်ကလည်း အမှိုက်တွေကို စနစ်တကျသိမ်းရမယ်။ နှစ်ရက်နေရင်တစ်ခါလောက်ကို သိမ်းရမယ်။ အဲဒီနေရာမှာက ဈေးဖြစ်နေတာကို။ လူတွေကလည်း အမှိုက်တွေကို စနစ်တကျစွန့်ပစ်တာမရှိဘူး။ ရောင်းနေတဲ့သူတွေကလည်း အမှိုက်ကို စနစ်တကျပစ်ရမယ်။ အဲဒီနားမှာက ဘုရားတစ်ဆူလည်းရှိတယ်။ အမှိုက်ကိုစနစ်တကျမပစ်ရင် နေရာတိုင်းမှာ ညစ်ပတ်နေမှာပဲ" ဟုပြောသည်။

အဆိုပါအမှိုက်ပုံများကြောင့် စစ်တွေမြို့သည် မြို့အင်္ဂါရပ်နှင့် မညီညွတ်ဘဲ ယင်ကောင်များနှင့်ရောဂါထူထပ်သည့်မြို့ဟုလည်း စစ်တွေမြို့သို့လာရောက် လည်ပတ်သည့် တိုင်းတစ်ပါးသားများ ထင်မြင်နိုင်ကြောင်း သူက ဆက်ပြောသည်။

အမှိုက်ပုံအနီးအနားတွင် နေထိုင်သည့် ဒေသခံများအတွက်လည်း ကျန်းမာရေး၊ လူမှုရေးထိခိုက်ပြီး ယင်းအနီးအနားကဖြတ်သန်းသွားလာသည့်သူများအတွက်လည်း အန္တရာယ်များကြောင်း စိမ်းပြာသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ ဥက္ကဋ္ဌဦးမောင်လှဝင်းက ပြောသည်။

"အနံ့အသက်တွေက ဆိုးလာတယ်လေ။ အမှိုက်ပုံကိုမြင်ကတည်းကနေ စိတ်မချမ်းသာဖြစ်လာမယ်။ နောက် လူတွေက အမှိုက်ပုံကြီးလာတဲ့အတွက် စနစ်တကျသတ်မှတ်ထားတောင်မှ အဝေးကနေလာပစ်ကြတယ်။ အဝေးကချကြတယ်။ အမှိုက်ပုံက အမှိုက်တွေပြန့်သွားတော့ ပိုဆိုးသွားပြီပေါ့ ပတ်ဝန်းကျင်က။ ဒါက တစ်ယောက်ချင်းစီရဲ့စည်းကမ်းစနစ်ကျဖို့လိုတယ်။ ဒါမှသာ ဘယ်မြို့ဘယ်ရွာမဆို သန့်သန့်ရှင်းရှင်းဖြစ်မှာ။ အခုက သိမ်းဆည်းတဲ့တာဝန်ရှိတွေကလည်း စနစ်တကျမသိမ်းဆည်းနိုင်၊ စွန့်ပစ်တဲ့သူတွေကလည်း စနစ်တကျမစွန့်ပစ်နိုင်တော့ နေရာတကာမှာ အမှိုက်ပုံတွေနဲ့ ရှုပ်ပွသွားပြီ"ဟု ပြောသည်။

စစ်တွေမြို့ရှိ ရပ်ကွက် (၁၀)ခုတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၅ ရက်မှစ၍ အမှိုက်သိမ်းဆည်းရေးကို စည်ပင်က တက်လမ်း ပုဂ္ဂလိကအမှိုက်သိမ်းဝန်ဆောင်မှုအဖွဲ့သို့ အပ်ခဲ့ပြီး ယနေ့အချိန်ထိ ဆောင်ရွက်နေဆဲဖြစ်သည်။

စစ်တွေသည် ရခိုင်ပြည်နယ်၏မြို့တော်တစ်ခုဖြစ်သော်လည်း တိုင်းနှင့် ပြည်နယ် ၁၄ ခုအထဲတွင် အမှိုက်သိမ်းစနစ် အညံ့ဖျင်းဆုံးထဲတွင် ပါဝင်ပြီး အမှိုက်များရှုပ်ပွနေမှုကြောင့် စစ်တွေမြို့၏ မြို့ဂုဏ်အင်္ဂါနှင့် မညီဖြစ်နေမှုအပေါ် ပြောဆိုဝေဖန်မှုများလည်း အများအပြားရှိနေသည်ဟု သိရသည်။

ဓာတ်ပုံ - ကိုးရီးယားဆိပ်ကမ်းအနီးရှိ အမှိုက်ပုံများအား နိုဝင်ဘာ ၁၀ ရက်က တွေ့ရစဉ်

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!