သောကြာ၊ မေလ ၃ရက်၊ ၂၀၂၄

သံတွဲ- တောင်ကုတ်ကားလမ်းတွင် ခရီးသည်တင်ကားတစ်စီး ပစ်ခတ်ခံရပြီး ဒရိုင်ဘာသေဆုံးကာ အမျိုးသမီးတစ်ဦးနှင့် ဆိုင်ကယ်မောင်းသူတစ်ဦး ဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 243

အောင်ကြွယ်ငြိမ်း

နိရဉ္စရာ၊ ဧပြီ ၂၃/ ၂၀၂၄

ရခိုင်ပြည်၊ သံတွဲ- တောင်ကုတ်ကားလမ်း ရွှေလှေကျေးရွာ တံတားဦးဂိတ်တွင် စစ်ကောင်စီတပ်က  ခရီးသည်တင်ကားတစ်စီးကို ရပ်တန့်ခိုင်းစဉ် မရပ်တန့်သဖြင့် ပစ်ခတ်ရပ်တန့်စေရာ ကားမောင်းသူ အမျိုးသား(၁) ဦးသေဆုံးပြီး အမျိုးသမီးတစ်ဦးနှင့် ဆိုင်ကယ်မောင်းသူတစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ 

ယမန်နေ့ ဧပြီလ ၂၂ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် တောင်ကုတ်မြို့နယ်မှ သံတွဲမြို့နယ်သို့ ခရီးသည်တင်ကားတစ်စီးမောင်းနှင်လာရာ သံတွဲမြို့နယ် ရွှေလှေကျေးရွာ၊ တံတားဦးဂိတ်ရှိ စစ်ကောင်စီတပ်က စစ်ဆေးရန် ရပ်တန့်ခိုင်းရာတွင် မရပ်တန့်သဖြင့် သေနတ်ဖြင့် လှမ်းပစ်ကြရာ ကားဒရိုင်ဘာဖြစ်သူ သေဆုံးပြီး ကားပေါ်ပါလာသူ အမျိုးသမီးတစ်ဦးအပြင် နောက်ထပ် လမ်းဘေးမှ ဆိုင်ကယ်မောင်းနှင်လာသူအမျိုးသားတစ်ဦးတို့မှာ သေနတ်ဒဏ်ရာရရှိခဲ့သဖြင့် စိုးရိမ်ရသည့် အခြေ အနေရှိနေကြောင်း အနီးအနားကျေးရွာသားများက နိရဉ္စရာအားပြောကြားသည်။ 

ကျေးရွာသားတစ်ဦးက "ကျွန်တော်သိရတာတော့ ကားကိုရပ်ခိုင်တာ မရပ်လို့ သေနတ်နဲ့ လိုက်ပစ်တာလို့ကြားတယ်။ အခုက ဂိတ်တွေမှာ ကားတွေမဖြတ်ရဘူးလေ။ ဒရိုင်ဘာက ပွဲချင်းပြီးသေပါတယ်။ အမျိုးသမီးတစ်ဦးနဲ့ ဆိုင်ကယ်သမားကတော့ သေနတ်ဒဏ်ရာရကြပါတယ်။ ပြင်းထန်တယ်လို့ပြောတာပဲ" ဟု ပြောသည်။

အဆိုပါခရီးသည်တင်ကားနှင့် မနီးမဝေးမှ မောင်းနှင်လာသည့် သုံးဘီးဆိုင်ကယ်မှာ ငါးအပြည့်ပါသည့် ရေခဲပုံးများတင်ဆောင်လာသော ဆိုင်ကယ်ဖြစ်ပြီး ခရီးသည်တင်ကားကို ပစ်ခတ်ရာတွင် ၎င်းအားထိမှန်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရွှေလှေကျေးရွာမှ နောက်ထပ်ဒေသခံတစ်ဦးက"ကုန်ကားမှာပါလာတဲ့ ၅ယောက်လောက် ဒဏ်ရာရတယ်လို့သိရတယ်။နှစ်ယောက်ကတော့ ပြင်းထန်တယ်တဲ့။ အသေးစိပ်တော့မသိရသေးဘူး။ ဆိုင်ကယ်သမားကတော့ ရေခဲပုံးနဲ့ငါးတွေတင်ရောင်းတာ။ " ဟုပြောသည်။

သေဆုံး ဒဏ်ရာရရှိသူများကို တောင်ကုတ်ဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်းသိရသည်။

ယမန်နေ့ ဧပြီလ ၂၂ ရက်နေ့က သံတွဲမြို့နယ်တွင် သူဌေးရေအားလျှပ်စစ်စီမံကိန်းနှင့် တစ်မိုင်အတွင်းရှိသည့် ဒေါ်မြရွာဟောင်း၊ ပုရစ်၊ ရေကောက်ကျေးရွာနှင့် ဆူးပုတ်ကုန်းတို့တွင် အာရက္ခတပ်တော်နှင့် စစ်ကောင်စီတပ်တို့  နှစ်ဖက်တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့သည်။

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က အကျအဆုံးများပြီးနောက် လေကြောင်းကနေ လာရောက် ဗုံးကြဲတိုက်ခိုက်သည့်အပြင် နေဗီကလည်း သံတွဲမြို့နယ်အတွင်းကိုလက်နက်ကြီးများဖြင့် အဆက်မပြတ် လှမ်းပစ်ခတ်ခဲ့သည်။

စစ်ကောင်စီတပ်သည် သံတွဲမြို့မှ တောင်ကုတ်မြို့ဘက်သို့သွားသည့် ဂိတ်အားလုံးကို ယမန်နေ့ညနေ ၄နာရီအချိန်ခန့်မှစ၍ ဖြတ်သန်းသွားလာခွင့် ပိတ်ထားလိုက်ပြီဖြစ်ကြောင်းသိရသည်။

ဆက်စပ် သတင်းများ