တနင်္ဂနွေ၊ မေလ ၅ရက်၊ ၂၀၂၄

မြန်မာစစ်တပ်သည် ထိတွေ့ တိုက်ခိုက်မှုစည်းမျဉ်း (Rules of Engagement-ROE) ကိုလိုက်နာရန် လုံး၀ပျက်ကွက်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1k

ရေးသားသူ-  မောင်ဘကြိုင်

ကမ္ဘာ့နိုင်ငံ ၁၄ဝ တွင် မြန်မာစစ်တပ်၏ စစ်ရေးစွမ်းရည်က အဆင့် ၃၉ ရှိသည်ဟု  ၂၀၂၂ အတွက် Global Firepower သုတေသနအဖွဲ့က ပြောဆိုသည်။  ကြည်း၊ ရေ၊ လေ တပ်ဖွဲ့များ၏  ပစ်ခတ်နိုင်သည့်  စွမ်းရည်များ၊ ပိုင်ဆိုင်သည့်  စစ်လက်နက်ပစ္စည်း စွမ်းရည်များ ၊ လူ့စွမ်းရည်များအပေါ်  အခြေခံပြီး Global Firepower က ညွှန်းကိန်းအဆင့် သတ်မှတ်ခြင်းဖြစ်သည်ဟု သိရသည်။ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံတစ်ခုအဖြစ် စာရင်း ဝင်ထားသော မြန်မာနိုင်ငံသည် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးထက် နိုင်ငံဝင်ငွေများကို စစ်တပ်အတွက်  ပုံအောသုံးပြီး ခေတ်မီတပ်မတော်အဖြစ် ထူထောင်ရန်ကြိုးစားသည်။ သို့သော်လည်း  မြန်မာစစ်တပ်သည် ထိုသို့ တည်ဆောက်နေရာမှ   ၂၀၂၂ ခုနှစ်တွင် အဆင့်တစ်ဆင့်ကျသွားခဲ့ကာ အဆင့် ၃၈ နေရာတွင် ရှိနေသည်ဟု Global Firepower သုတေသနအဖွဲ့က ထုတ်ဖော်ပြောဆိုထားသည်။

နိုင်ငံပေါင်း ၁၄၀ တွင် စစ်ရေးစွမ်းရည်က အဆင့် ၃၈ နေရာတွင် ရှိနေသည့် မြန်မာနိုင်ငံ၏ စစ်တပ်သည် နိုင်ငံတစ်ခုတပ်မတော်တစ်ရပ်နှင့်အညီ  လိုက်နာကျင့်သုံးရမည့် စည်းကမ်းများကို လိုက်နာရန် ပျက်ကွက်နေသည် သာမက သူ့ပြည်သူများအပေါ်တွင်လည်း စစ်ရာဇဝတ်မှုများကို ကျူးလွန်နေကြောင်း ကမ္ဘာကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းများက ပြစ်တင်ဝေဖန်မှုများလည်း ပေါ်ပေါက်နေသည်။

အဓိကအားဖြင့် စစ်ကောင်စီ၏ စစ်တပ်သည် ထိတွေ့ တိုက်ခိုက်မှုစည်းမျဉ်း (Rules of Engagement-ROE) နှင့်အညီ  တိကျစွာလိုက်နာ ဆောင်ရွက်ရန် ပျက်ကွက်လျက် ရှိနေသည်ဟုဆိုသည်။

 

သို့သော်လည်း စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ထိတွေ့ တိုက်ခိုက်မှုစည်းမျဉ်း (Rules of Engagement-ROE) နှင့်အညီ အကြမ်းဖက် ချေမှုန်းရေးစစ်ဆင်ရေး (Counter - Terrorism Operation) ကို တိကျစွာလိုက်နာ ဆောင်ရွက်လျက် ရှိသည်ဟု ဆိုသည်။

 

နိုဝင်ဘာ ၃၀ ရက်နေ့ထုတ် စစ်ကောင်စီ၏ မြန်မာ့ အလင်းသတင်းစာတွင် “ တပ်မတော်အနေဖြင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ပြည်သူများ၏ အသက် အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့် ရှောက်ရေးတို့အတွက် အကြမ်းဖက် သမားများကို ထုတ်ပြန်ထားသည့် ထိတွေ့ တိုက်ခိုက်မှုစည်းမျဉ်း (Rules of Engagement-ROE) နှင့်အညီ အကြမ်းဖက် ချေမှုန်းရေးစစ်ဆင်ရေး (Counter - Terrorism Operation) ကို တိကျစွာလိုက်နာ ဆောင်ရွက်လျက် ရှိသည်ဟု ပြောဆိုသည်။

 

မြန်မာစစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှု သတင်းများကို တင်ပြသည့် မီဒီယာများကိုလည်း တရားမဝင် ပြည်ဖျက်မီဒီယာများဟု စွပ်စွဲပြီး တပ်မတော်မှ ပြည်သူများ နေထိုင်ရာနေရာများသို့ မည်သည့်အခါမှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းမရှိကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုသည်။.

 

တပ်မတော်၏ လူ့အခွင့်အရေးကို ချိုးဖောက်မှု အပေါ်  ရေးသားထားသည့် သတင်းများမှာလည်း  မှန်ကန်မှုမရှိဘဲ တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် အတွက် ရည်ရွယ်ရေးသားခြင်းသာဖြစ်ပြီး ပြည်သူများ နေထိုင်ရာမြို့၊ရွာများကို တော်လှန်ရေး လက်နက်ကိုင်အဖွဲ့များက  ရည်ရွယ်ချက်ရှိစွာ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းသာရှိပြီး ထိုသို့ပစ်ခတ်ခြင်းကြောင့် အပြစ်မဲ့ပြည်သူအချို့ သေဆုံး၊ ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း စသဖြင့်လည်း ၎င်းကဆိုသည်။

 

ရခိုင်ပြည်နယ်အတွင်း စစ်တပ်ကလက်နက် ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ၂ဝ၂၃ ခုနှစ် နိုဝင်ဘာလ ၁ ရက်မှ ​နိုဝင်ဘာ ၃၀ ရက်အထိ အရပ်သား ပြည်သူအမျိုးသမီးလေးဦး၊ အမျိုးသား ၈ ဦး၊ စုစုပေါင်း ၁၂ ဦး သေဆုံးခဲ့သည်ဟု အေအေပီပီမှတ်တမ်းနှင့် သုတေသနဌာနက ထုတ်ပြန်သည့် စာရင်းကိုလည်း ၎င်းက မဟုတ်မှန်ကြောင်း ငြင်းဆိုခဲ့သည်။ 


ယင်းအပြင် အဆိုပါ စာရင်းကို ထုတ်ပြန်ခဲ့သည့် သတင်းဌာနများကိုလည်း တရားမဝင် ပြည်ဖျက်မီဒီယာများက သတင်းတု၊ သတင်းအမှားများ ရေးသား ဖြန့်ဝေကာ နိုင်ငံအတွင်း မတည်မငြိမ် ဖြစ်စေရန်နှင့် ဆူပူမှုများ ဖြစ်လာစေရန်အတွက် ကဏ္ဍပေါင်းစုံတွင် မဟုတ်မမှန် သတင်းများလုပ်ကြံဖန်တီး ရေးသားလျက်ရှိသည့် အပြင် တပ်မတော်နှင့် ပြည်သူများအကြား သွေးကွဲစေရန်၊ နိုင်ငံတကာ မျက်နှာစာတွင် တပ်မတော်အားအထင်အမြင် လွဲမှားစေရန် အတွက်လည်း နည်းလမ်း မျိုးစုံအသုံးပြုကာ သွေးခွဲသပ်လျှိုလျက်ရှိကြောင်းဖြင့်လည်း စစ်ကောင်စီသတင်းစာက  ဖော်ပြထားသည်။

 

စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက မြန်မာ့တပ်မတော်အနေဖြင့် ချမှတ်ထားသည့် စစ်စည်းကမ်းများနှင့် အညီ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ပြည်သူများ၏ အသက် အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့် ရောက်ရေးတို့အတွက် အကြမ်းဖက် သမားများကို ထုတ်ပြန်ထားသည့် ထိတွေ့ တိုက်ခိုက်မှုစည်းမျဉ်း (Rules of Engagement-ROE) ကို လိုက်နာဆောင်ရွက်နေပါသည်ဟု ဆိုသော်လည်း လက်တွေ့မြေပြင်တွင် ဖြစ်ပေါ်နေသော အခြေအနေမှာ များစွာကွာခြားလျက်ပြီး စစ်ကောင်စီတပ်သည် အရပ်ဘက်နေရာများကို တမင်ရည်ရွယ်ချက်ချက်ရှိ ပစ်ခတ်တိုက်ခတ်လျှက်  ရှိနေသည်ဟု တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဒေသခံပြည်သူများက ပြောကြားသည်။

 

ရခိုင်လူ့အခွင့်အရေး လှုပ်ရှားသူတစ်ဦးက “ ဒါက ထိတွေ့ တိုက်ခိုက်မှုစည်းမျဉ်း (Rules of Engagement-ROE) ကို မြန်မာစစ်တပ်က လိုက်နာနေတယ်လို့ ပြောဆိုတာက ရခိုင်ပြည်မှာ ပြည်သူတွေအပေါ် ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေကို ဖုံးကွယ်ဖို့ ပြောင်းပြောင်းတင်းတင်း လုပ်ဆောင်လာတဲ့ လုပ်ရပ်ဖြစ်ပါတယ်။ နေ့စဉ်နေ့တိုင်း အရပ်သားပြည်သူတွေ နေထိုင်ရာ နေရာတွေကို လေယာဉ်နဲ့ ပစ်တယ်။ ရေတပ်ကပစ်တယ်။ မြေပြင်က အမြောက်ကြီးနဲ့ လှမ်းထုတယ်။ အပြစ်မဲ့ အရပ်သားပြည်သူတွေ ဘယ်လောက်ထိ အတိဒုက္ခ ရောက်တယ်ဆိုတာ ရခိုင်လူထုတစ်ရပ်လုံး မျက်ဝါးထင်ထင် ကြုံတွေ့နေရတဲ့ ကိစ္စဖြစ်တယ်။ ဒါကို တပ်မတော်က မကျူးလွန်ပါဘူးလို့ ထုတ်ပြန်တာဟာ လိမ်လည်တာသာမက ရခိုင်ပြည်သူတစ်ရပ်လုံးကို စော်ကားတဲ့ လုပ်ရပ်ဖြစ်သလို ရှေ့မှာလည်း  အများကြီး ပြည်သူတွေအပေါ် အကြမ်းဖက်လုပ်ရပ်တွေ ဆက်လက် ကျူးလွန်မယ် ဆိုတဲ့ သဘောလို့ နားလည်လို့ ရပါတယ်” ဟု ပြောဆိုသည်။

 

တပ်မတော်က လူ့အခွင့်အရေးများကို ချိုးဖောက်ကျူးလွန်မှု မရှိပါကြောင်း၊ ထိတွေ့ တိုက်ခိုက်မှုစည်းမျဉ်း (Rules of Engagement-ROE)နှင့် အညီဆောင်ရွက်နေပါကြောင်း ပြောဆိုသော်လည်း စစ်ကောင်စီလက်အောက်ခံ မြန်မာတပ်မတော်သည် နေ့စဉ်တိုင်း စစ်ဘက်ပစ်မှတ်မဟုတ်သော အရပ်ဘက်နေရာများကို ကြည်း၊ရေ၊ လေအင်အားဖြင့် ပစ်ခတ်လျှက်ရှိသည်ဟု ၎င်းက ဆိုသည်။

 

မြန်မာ့စစ်ကောင်စီတပ်သည် ရခိုင်ပြည်တွင် ရက္ခိုင့်တပ်တော်(AA) နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည့် နိုဝင်ဘာ ၁၃ ရက်နေ့ ကစပြီး ရခိုင်ပြည်နယ်အတွင်းက မင်းပြား၊ ကျောက်တော်၊ မြောက်ဦး၊ ပေါက်တော၊ ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့တွင် လူနေကျေးရွာ၊  ရပ်ကွက်များသို့ လေယာဉ်များဖြင့် ဗုံးကြဲချခြင်း၊ ရေတပ်ကအမြောက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ မြေပြင် ကြည်းတပ်များက လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများကို ဆက်တိုက် ကျူးလွန်ပြုလုပ်လျက် ရှိဟုလည်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော်(ULA/AA) ပြောခွင့်ရ ဦးခိုင်သုခက ပြောသည်။

 

“ နိုဝင်ဘာလ ၁၃ရက်နေ ရခိုင်မှာ တိုက်ပွဲစဖြစ်တဲ့နေ့ကစပြီးတော့မှ မြန်မာစစ်တပ်ဘက်မှ အရပ်သား ပြည်သူတွေ နေတဲ့နေရာတွေကို မြို့ရော ရွာရော အဲ့ဒီနေရာတွေကို လက်နက်ကြီးနဲ့ ရည်ရွယ်ချက်ရှိရှိနဲ့ ပြည်သူတွေကို ပစ်ခတ်သတ်ဖြတ်နေတာတွေ ရှိပါတယ်။ အခုဆိုရင် ကျွန်တော်တို့ဒီ မြို့ပေါ်ကလူတွေက ကျွန်တော်တို့ ULA/AA ထိန်းချုပ်ထားတဲ့ရွာတွေဘက်ကို ထွက်ပြေးလာရတာတွေ အများကြီးရှိပါတယ်။ အထူးသဖြင့် အခုဆိုရင် ပေါက်တောနဲ့ မင်းပြားမြို့နယ်ထဲကပြည်သူတွေ ထွက်ပြေးလာတာအများကြီးရှိနေပါတယ်။ နောက်ပြီးရင် မြန်မာစစ်တပ်ဟာ ရခိုင်ပြည်အနှံ့မှာ တိုက်ပွဲမဖြစ်တဲ့နေရာရော ဖြစ်တဲ့နေရာမှာတွေရော အကုန်လုံး ဖမ်းဆီးမှုတွေကို သူတို့တောက်လျှောက်လုပ်နေတာဖြစ်ပါတယ်။ အဓိက ကတော့ ဘာတိုက်ပွဲမှ ဖြစ်ပွါးခြင်းမရှိတဲ့ တောင်ကုတ်၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ ဂွ ၊ မာန်အောင် မြို့နယ်တွေထဲမှာလည်း မြန်မာစစ်တပ်ဘက်က ဒေသခံပြည်သူတွေကို မတရားဖမ်းဆီးမှုတွေ တောက်လျှောက် လုပ်နေတာရှိပါတယ်။ ဒီဟာတွေကတော့ မြန်မာစစ်တပ်ရဲ့ လတ်တလော အပြစ်မဲ့ပြည်သူတွေအပေါ်မှာ ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေဖြစ်ပါတယ်။ ဒီရာဇဝတ်မှုတွေအတွက် မြန်မာစစ်တပ်ရဲ့ စစ်ရာဇဝတ်မှုမှာ ပါဝင်ပတ်သက်သူတွေ၊ နောက် ကျွန်တော်တို့ ပြည်သူတွေကို မတရား အနိုင်ကျင့်တဲ့လူတွေကို ကျွန်တော်တို့ဘက်ကတော့ သင့်တော်သလို လက်တုံ့ပြန်သွားမှာ ဖြစ်ပါတယ်”ဟု ခိုင်သုခက ပြောဆိုသည်။

 

ရခိုင်တွင် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် နိုဝင်ဘာ ၁၃ ရက်မှ ဒီဇင်ဘာ ၂၀ ရက် အတွင်း အရပ်သား (၃၄ ) ဦးသေဆုံးပြီး ဒဏ်ရာရသူ (၁၃၀ )ဦးရှိခဲ့သည်ဟု ဦးခိုင်သုခက ပြောသည်။


၎င်းပြင် စစ်ကောင်စီသည် ရခိုင်ပြည်တွင်  ဖြတ်လေးဖြတ် လမ်းစဉ်ကို ကျင့်သုံးပြီး ပြည်သူများ ဒုက္ခရောက်အောင် ဆောင်ရွက်နေသည်မှာ အရပ်ဘက်ပြည်သူများကို တိုက်ခိုက်နေခြင်းဖြစ်၍ စစ်ရာဇဝတ်မှု ကျူးလွန်ရာ ရောက်သည်ဟု    နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးဖေသန်းက နိရဉ္စရာကိုပြောသည်။

" ရခိုင်ပြည်အတွင်းမှာပြည်မနဲ့ ဆက်သွယ်ထားတဲ့ လမ်းတွေကိုပိတ်၊ ရိက္ခာတွေကိုဖြတ်၊ တစ်မြို့နဲ့ တစ်မြို့ သွားလာခွင့်ကိုပိတ်။ ဒါကြောင့်ကုန်ဈေးနူန်းတွေက အဆမတန်တက်လာတယ်။ အဲ့ဒါက စစ်ကောင်စီရဲ့ အကွက်ကျကျ ဖန်တီးထားတဲ့ ယုတ်ညံ့တဲ့အကွက်တွေ ဖြစ်တယ်။ ပြည်သူတွေ ဒုက္ခဖြစ်လာရင် ULA/AAနဲ့ ညှိနှိုင်းလို့ရမလား။  ULA/AAနဲ့ ပြည်သူတွေကြားမှာ ပဋိပက္ခ ဖြစ်လာမလားဆိုပြီး ဒီလို ရည်ရွယ်ချက်တွေအများကြီးနဲ့ စစ်ကောင်စီက လုပ်ထားတာ”ဟု ပြောဆိုသည်။

 

စစ်ကောင်စီလက်အောက်ခံ မြန်မာတပ်မတော်သည် ထိတွေ့ တိုက်ခိုက်မှုစည်းမျဉ်း (Rules of Engagement-ROE) တွင် ပါဝင်သည့် (၁) ရန်သူကိုသာ တိုက်ခိုက်ပါ (၂) စစ်ရေးရည်မှန်းချက်များ ကိုသာ တိုက်ခိုက်ပါ (၃) အရပ်သားများကို ကာကွယ်စောင့်ရှောက်မှုပေးပါ (၄) စစ်ပွဲဆိုင်ရာ ဉပဒေနှင့်အညီ လိုက်နာဆောင်ရွက်ပါ (၅) စစ်ပွဲဆိုင်ရာ ဉပဒေနှင့်အညီ လုပ်ဆောင်ပါ ၊ ဉပဒေချိုးဖောက်ကြောင်း သံသယ ရှိပါက အထက်အရာရှိများထံ သတင်းပို့ပါ (၆) အရပ်သားပိုင် ပစ္စည်းများကို လေးစားပါ (၇) လက်နက်ချလာသူကို မတိုက်ခိုက်ရ (၈) မိမိ ကိုယ်တိုင်ဖြစ်စေ၊ မိမိတပ်ဖွဲ့ ၊ မိမိတပ်ကို ပူးပေါင်း ဆောင်ရွက်နေသောတပ်ဖွဲ့၏ တပ်ဖွဲ့ဝင်များနှင့် ပစ္စည်းများကို ကာကွယ်ခြင်းမှ အပ ဆေးရုံများ၊ ဘုရားများ၊  ဗလီများ၊ ခရစ်ယာန်ဘုရားကျောင်းများ၊ အထွက်အမြတ် ထားသောနေရာများ ၊ စာသင်ကျောင်းများ ၊ပြတိုက်များ၊ အမျိုးသား အထိမ်းအမှတ်များနှင့် အခြားသော သမိုင်းဆိုင်ရာနှင့် ယဉ်ကျေးမှုဆိုင်ရာ နေရာများကို မတိုက်ခိုက်ရ ဆိုသည့် စည်းမျဉ်းများကို လုံး၀ လိုက်နာခြင်း မရှိဟု ဒေသခံများက ပြောသည်။

 

ထိတွေ့တိုက်ခိုက်မှု စည်းမျဉ်း(ROE) သည် တပ်ရင်းတပ်ဖွဲ့များအနေဖြင့် စစ်ရေးဆိုင်ရာ ရည်းမှန်းချက်ကို ရရှိနိုင်ရန်ဆောင်ရွက်ရာတွင် လိုက်နာဆောင်ရွက်ရမည့် အခြေအနေများနှင့် ကန့်သတ်ချက်များကို တရားဥပဒေနှင့်အညီ ညွန်ကြားထားချက်၊ လမ်းညွန်ချက်များ ထုတ်ပြန်ထားပါလျက် (လုံး၀)  လိုက်နာ ဆောင်ရွက်ခြင်းမရှိဟု လူ့အခွင့်အရေး လှုပ်ရှားသူများက ထောက်ပြပြောဆိုကြသည်။

 

မြန်မာနိုင်ငံတွင် လက်ရှိ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ အပါအဝင် ပြည်သူ့တော်လှန်ရေး အင်အားစုများနှင့်ပါ ရင်ဆိုင်နေရသော တိုက်ပွဲတိုင်းတွင် စစ်ကောင်စီ စစ်တပ်သည် အရှုံးနှင့် ရင်ဆိုင်နေရပြီး အဆိုပါ ရှုံးကြွေးကို ပြန်မဆပ်နိုင်တော့သည့် အခါ အပြစ်မဲ့ပြည်သူများအပေါ်  ပစ်မှတ်ထား တိုက်ခိုက်လာသဖြင့် ပြည်သူများ ဆန့်ကျင်မှုများ၊ မကျေနပ်မှုများ၊ တန်ပြန်တော်လှန် ပုန်ကန်မှုများနှင့် ရင်ဆိုင်ရလျှက် ရှိနေပေသည်။


မြန်မာစစ်တပ်သည် တိုက်ပွဲတိုင်းတွင် အရှုံးနှင့် ရင်ဆိုင်ရလေလေ လူ့အခွင့်အရေးချိုးဖောက်မှုများကို တိုး၍ တိုး၍ ကျူးလွန်လာလေလေဖြစ်ပြီး တစ်ခြားတစ်ဖက်တွင် စစ်သားများ တိကျစွာလိုက်နာရမည့် ထိတွေ့တိုက်ခိုက်မှု စည်းမျဉ်း(ROE) ကိုလည်း လိုက်နာခြင်း မရှိသဖြင့် အနာဂတ်တွင် ပို၍ အဆင့်နိမ့်ကျကာ ကမ္ဘာစစ်တပ်များ အလယ်တွင် ယခင်ကထက် နာမည်ဆိုးဖြင့်ကျော်ကြားလာမည်မှာ မုချဧကန် မလွဲဖြစ်ပေသည်။   

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!