ကြာသပတေး၊ မေလ ၂ရက်၊ ၂၀၂၄

၁၅ နှစ်ကြာ ပြည်ပတွင် တိမ်းရှောင်နေသော ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ် ထိုင်းနိုင်ငံသို့ပြန်ရောက်လာပြီ


  • ရေးသူ: Web Master (NN 27)
  • | ရက်စွဲ: ၂၂ သြဂုတ် ၂၀၂၃
  • | ကြည့်ရှုသူ: 547

ပြည်ပတွင် ၁၅ နှစ်ကြာ တိမ်းရှောင်နေခဲ့သော ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်သည် အင်္ဂါနေ့ မနက် ၉ နာရီအချိန်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်သည်။

သက်ဆင်နှင့်အတူ သမီးနှစ်ဦး သားတစ်ဦးတို့ လိုက်ပါလာပြီး ဒွန်မောင်းလေဆိပ်တွင် ၄င်းအား စောင့်ကြိုနေခဲ့ကြသည့် ထောက်ခံသူများနှင့် ခေတ္တခဏ တွေ့ဆုံ နှုတ်ဆက်ခဲ့သည်။

သက်ဆင်သည် ကိုယ်ပိုင်ဂျက်လေယာဉ်ဖြင့် ဒူဘိုင်းမှတစ်ဆင့် စင်္ကာပူသို့ ရောက်ရှိခဲ့ပြီး ထိုမှတစ်ဆင့် ဒွန်မောင်းလေဆိပ်သို့ မနက် ၉ နာရီအချိန်တွင် ရောက်ရှိလာခြင်းဖြစ်သည်။

ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့အကြီးအကဲများ ခြံရံလျှက် လေဆိပ်ခန်းမဆောင်အရောက်တွင် စုဝေးရောက်ရှိနေသော ထောက်ခံသူအများအပြားက ၄င်းအား လက်ခုပ်တီးကာ ဝမ်းသာအားရ အော်ဟစ်ကြိုဆိုခဲ့ကြသည်။

ထို့နောက်တွင် လေဆိပ်ခန်းမဆောင်အတွင်းရှိ ထိုင်းဘုရင့်ပုံတော်အား လက်စုံမိုး ရှိခိုးဦးခိုက်ကာ လေဆိပ်ထဲမှ ထွက်ခွါသွားခဲ့သည်။

သက်ဆင်အား ဗဟိုတရားရုံးသို့ ချက်ချင်းခေါ်ဆောင်သွားပြီး ထောင်ဒဏ် ရှစ်နှစ်ချမှတ်သည့် စီရင်ချက်ကို နာခံကာ အချုပ်ထောင်သို့ ပို့ဆောင်မည်ဟု သိရှိရသည်။

သက်ဆင်အနေနှင့် အကျဉ်းထောင်တွင် ကြာရှည်နေရမည်မဟုတ်ဟု အားလုံးက ခန့်မှန်းထားသည်။

ထိုင်းနိုင်ငံသို့ သက်ဆင်ပြန်လည်ရောက်ရှိလာခြင်းတွင် နိုင်ငံရေးအရ အပေးအယူလုပ်ခဲ့ရမှု ရှိနေသည်ဟု ဆိုသည်။

ပြီးခဲ့သည့် မေလ ရွေးကောက်ပွဲပြီးကတည်းက ဝန်ကြီးချုပ်သစ်တစ်ဦးကို ရွေးချယ်နိုင်ခြင်းမရှိဘဲ လိပ်ခဲတည်းလည်း ဖြစ်နေခဲ့သည်။

အမတ်အများဆုံး အနိုင်ရခဲ့သည့် MFP ပါတီခေါင်းဆောင်အား ဝန်ကြီးချုပ်အဖြစ် တင်မြှောက်ရန် ကြိုးပမ်းမှုမှာ နှစ်ကြိမ်တိုင် အောင်မြင်မှုမရ ဖြစ်ခဲ့ပြီးနောက် ဒုတိယအမတ်အများဆုံး အနိုင်ရ ဖွေ့ထိုင်းပါတီက ဦးဆောင်ပြီး ဝန်ကြီးချုပ်ရွေးချယ်တင်မြှောက်ကာ ညွန့်ပေါင်းအစိုးရတစ်ရပ်ဖွဲ့စည်းရန် ပြင်ဆင်လျှက်ရှိနေချိန်တွင် ပြည်ပ၌ ၁၅ နှစ်ကြာ တိမ်းရှောင်နေခဲ့သည့် သက်ဆင်ပြန်ရောက်လာခြင်းဖြစ်သည်။

 ဖွေ့ထိုင်းပါတီက ဦးဆောင်ပြီး ထပ်မံဖွဲ့စည်းလိုက်သည့် ညွန့်ပေါင်းအဖွဲ့တွင် MFP ပါတီကလွဲ၍ စစ်တပ် နှင့် ဘုရင်လိုလားသော ပါတီနှစ်ခုအပါအဝင် ပါတီအားလုံးပါဝင်သည်။

ဖွေ့ထိုင်းပါတီက ပူးပေါင်းရန်ဖိတ်ခေါ်ခဲ့ပြီး ပူပေါင်းလာသည့် ပါတီများထဲတွင် သက်ဆင်အစိုးရအား အကြီးအကျယ်ဆန့်ကျင်ခဲ့ပြီး ရင်လပ်အစိုးရအား ဆန့်ကျင်ခဲ့သည့် ထိုင်းနေရှင်းပါတီလည်း ပါဝင်သည်။

ဘုရင် နှင့် စစ်တပ်ကို ထောက်ခံလိုလားသော ပါတီများအနေဖြင့် တချိန်က သက်ဆင်မိသားစုအပေါ် အကြီးအကျယ် ဆန့်ကျင်ခဲ့သော်လည်း တော်ဝင်ဥပဒေကို ပြင်ဆင်ပြီး စီးပွါးရေးလုပ်ငန်းကြီးများကို ထိန်းချုပ်ရန်ကြိုးစားမည့် ရွေးကောက်ပွဲအနိုင်ရ မျိုးဆက်သစ်လူငယ်များ၏ MFP ပါတီအာဏာရလာမည်ကို မလိုလားကြပေ။

ref:BBCWorld

ဆက်စပ် သတင်းများ