ကြာသပတေး၊ မေလ ၂ရက်၊ ၂၀၂၄

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် သြဂုတ် ၂၂ ရက်၊ နံနက်တွင် ဘန်ကောက်သို့ ရောက်မည်


  • ရေးသူ: Web Master (NN 27)
  • | ရက်စွဲ: ၂၁ သြဂုတ် ၂၀၂၃
  • | ကြည့်ရှုသူ: 455

၂၀၀၈ ခုနှစ်ကတည်းက ပြည်ပသို့တိမ်းရှောင်နေသည့် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်သည် မနက်ဖြန် သြဂုတ် ၂၂ ရက်၊ နံနက် ၉ နာရီတွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ ပြန်ရောက်လာတော့မည်ဟု သိရသည်။

သက်ဆင်ပြန်လာချိန်သည် ထိုင်းလွှတ်တော်တွင် ဝန်ကြီးချုပ်သစ်ရွေးချယ်မည့်နေ့နှင့် တစ်ရက်တည်း တိုက်ဆိုင်နေသည်။

သူပြန်ရောက်လာတော့မည့်အကြောင်း ဝန်ကြီးချုပ်လောင်းလည်းဖြစ်၊ သမီးလည်းဖြစ်သည့် ဖွေ့ထိုင်းပါတီခေါင်းဆောင် ပေတုန်တန်က ဆိုရှယ်မီဒီယာတွင် ရေးသားထားသည်။

မနက်ဖြန်မနက် ၉ နာရီတွင် ဒွန်မောင်းလေဆိပ်သို့ သူ့ဖခင်သက်ဆင် ကိုယ်ပိုင်လေယာဉ်ဖြင့် ရောက်လာမည်ဟု ဆိုသည်။

သက်ဆင်နှင့် ညီမဖြစ်သူ ယင်လပ်တို့သည် ဒူဘိုင်းမှတဆင့် စင်္ကာပူနိုင်ငံကို ရောက်ရှိနေပြီး မနက်ဖြန် ဘန်ကောက်သို့ လာကြမည်ဖြစ်သည်။

သတင်းများအရ သက်ဆင်လေယာဉ်ဆင်းသက်မည့် ဗီအိုင်ပီလေယာဉ်ဆင်းဇုန်တွင် ရဲအရာရှိများက စောင့်ကြိုနေကြမည်ဟု ဆိုသည်။

သက်ဆင်ရောက်လာသည်နှင့် ရဲအရာရှိများက ဖမ်းဝရမ်းများ ထုတ်ပြမည်ဖြစ်ပြီး လူဝင်မှုကောင်တာကို ခြံရံပို့ဆောင်ကာ တရားရုံးတွင် အမှုရင်မဆိုင်မီ ဝိဗဝါဒီ ရန်းဆစ်လမ်းရှိ ရဲကလပ်တစ်ခုဆီ ခေါ်သွားမည်ဟု သိရသည်။

သက်ဆင်က မူလအစီအစဉ်တွင် ဩဂုတ် ၁၀ ရက်နေ့ပြန်ရောက်ဖို့ဖြစ်သော်လည်း ဆေးစစ်စရာရှိလာ၍ နောက်ကျသွားခြင်းဖြစ်သည်ဟု တွစ်တာကိုအမည်ပြောင်းထားသည့် X တွင် ရေးသားထားသည်။

သက်ဆင်ကို ဗဟိုတရားရုံး၏ နိုင်ငံရေး ရာထူးလက်ဝယ်ရှိသူများ ရာဇဝတ်ဌာနက အမှုသုံးမှုဖြင့် မျက်ကွယ်တွင် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ထားသည်။

သက်ဆင် ပြန်ရောက်လာတော့မည်ဆို၍ (ရှပ်နီအဖွဲများဟု လူသိများသည့်) အာဏာရှင်ဆန့်ကျင်ရေး ညီညွတ်သော ဒီမိုကရေစီတပ်ဦး (United Front for Democracy against Dictatorship) ထောက်ခံသူများက ဒွန်မောင်းလေဆိပ်ဆီ သွားစောင့်ပြီး ကြိုဆိုကြမည်ဟု သိရသည်။

Ref: Bangkok Post

ဆက်စပ် သတင်းများ