ဗုဒ္ဓဟူး၊ မေလ ၈ရက်၊ ၂၀၂၄

၂၀၂၃ခုနှစ် ဓာတုဗေဒနိုဘယ်ဆုအတွက် ကွမ်တမ်မြူမှုန်စွမ်းအင်ကို ရှာဖွေတွေ့ရှိခဲ့သူ သိပ္ပံပညာရှင် သုံးဦးကိုချီးမြှင့်


  • ရေးသူ: Web Master (NN 27)
  • | ရက်စွဲ: ၀၅ အောက်တိုဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 916

အလွန်သေးငယ်သည့် အက်တမ်မြူမှုန်တစ်ခု၏ လှုပ်ရှားမှု နှင့် စွမ်းအင်ကို ရှာဖွေတွေ့ရှိခဲ့သူ သိပ္ပံပညာရှင် သုံးဦးအား ဆွီဒင် တော်ဝင်သိပ္ပံ အကယ်ဒမီ က ၂၀၂၃ခုနှစ်၊ ဓာတုဗေဒဆိုင်ရာ နိုဘယ်ဆု ချီးမြှင့်လိုက်သည်ဟု သိရသည်။

အဆိုပါ သိပ္ပံပညာရှင် သုံးဦးမှာ အမေရိကန်အခြေစိုက် သိပ္ပံပညာရှင်များဖြစ်သော မောင်ဂီ ဂျီ ဘာဝမ်ဒီ၊ လူးဝစ် အီး ဘရပ်စ် နှင့် အလက်ဇီ အိုင် အီကီမော့ဗ် တို့ ဖြစ်ကြသည်။

ယခု လူအများ မြင်တွေ့နေကြသည့် LED တီဗီစကရင်ပေါ်မှ အရောင်များသည် အလွန်သေးငယ်သည့် ကွမ်တမ်မြူမှုန်ကလေးများမှတစ်ဆင့် ထွက်ပေါ်လာခြင်းဖြစ်သည်။

အလားတူ ကင်ဆာရောဂါရှင်များအား ခွဲစိပ်ကုသရာတွင် ခွဲစိပ်ဆရာဝန်များက ကင်ဆာအကျိတ်နေရာ အတိအကျကို အရောင်ဖြင့် ပြသပေးသလို နေရောင်ခြည်စွမ်းအင်ချပ်ပြားကြီးများတွင်လည်း ကွမ်တမ်မြူမှုန်စွမ်းအင်ကို အသုံးချနေကြသည်။

ကွမ်တမ်မြူမှုန်များမှာ အလွန့်အလွန်သေးငယ်ပြီး အချင်းမှာ အနုမြူအနည်းငယ်ပမဏသာ ရှိသည်။

Semiconducting နည်းဖြင့် ဖန်တီးထားသော ထိုမြူမှုန်များ အလင်းနှင့် ထိတွေ့စဉ် အပြာ၊ အနီ နှင့် အစိမ်းရောင်များ ထုတ်လွှင့်သည်။

အသေးငယ်ဆုံး ကွမ်တမ်မြူမှုန်က အမြင့်ဆုံးစွမ်းအင်လှိုင်း ထုတ်ပေးပြီး အပြာရောင်အလင်း ထွက်ပေါ်ကာ ကြီးမားသော ကွမ်တမ်မြူမှုန်က ပိုနည်းသော စွမ်းအင်လှိုင်း ထုတ်လွှင့်ပြီး အနီရောင်အလင်းကို ဖြစ်စေသည်။

“ လွန်ခဲ့သည့် နှစ်ပေါင်းများစွာက ယခု​လောက် သေးငယ်သည့် မြူမှုန်ကို ဖန်တီးနိုင်လိမ့်မည်ဟု မည်သူကမျှ မထင်ခဲ့ကြ” ဟု ဆွီဒင်သိပ္ပံအကယ်ဒမီ၏ မှတ်ချက်တွင် ဖော်ပြထားသည်။

အမေရိကန်အခြေစိုက် ရုရှားသိပ္ပံပညာရှင် အလက်ဇီ အီကီမော့ဗ်(၇၈နှစ်) သည် ၁၉၈၀ပြည့်လွန်နှစ်များက အလွန်သေးငယ်သည့် ကွမ်တမ်မြူမှုန်ကို စတင် ရှာဖွေတွေ့ရှိခဲ့သည်။

အနာဂတ်တွင် ကွမ်တမ်မြူမှုန်စွမ်းအင်နည်းပညာကို လူသားတို့အတွက် ပိုမိုအသုံးပြုနိုင်စေသည့် ရှာဖွေတွေ့ရှိမှုကြောင့် ၄င်းတို့သုံးဦးကို နိုဘယ်ဆု ချီးမြှင့်ရခြင်းဖြစ်သည်ဟု ဆွီဒင် တော်ဝင် သိပ္ပံအကယ်ဒမီက ကြေညာခဲ့သည်။

နိုဘယ်ဆုအတွက် သိပ္ပံပညာရှင် သုံးဦး ရရှိမည့်ဆုငွေမှာ ဆွီဒင် ကရိုနာ ၁၁သန်း( အမေရိကန်ဒေါ်လာ ၁ သန်း ) ဖြစ်သည်။

NN-27

ref:bbcworld

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!