အင်္ဂါ၊ မေလ ၇ရက်၊ ၂၀၂၄

ထောင်ကျနေသော အီရန်အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူ နာဂျက်စ် မိုဟမ်မာဒီ ၂၀၂၃ ခုနှစ် ငြိမ်းချမ်းရေးနိုဘယ်ဆုရရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ အောက်တိုဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 708

အကျဉ်းကျနေသော အီရန်အမျိုးသမီးအခွင့်အရေး နှင့် လူ့အခွင့်အရေး လှုပ်ရှားသူ အီရန်အမျိုးသမီး မစ္စ နာဂျက်စ် မိုဟမ်မာဒီ အား ၂၀၂၃ ခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဘယ်ဆု ပေးအပ်ချီးမြှင့်လိုက်သည်ဟု သိရသည်။

နော်ဝေ နိုဘယ်ဆု ရွေးချယ်ရေးကော်မတီ၏ ထုတ်ပြန်ချက်အရ မစ္စ မိုဟမ်မာဒီ သည် ဖိနှိပ်ခံ အီရန်အမျိုးသမီးများဘက်မှ ရပ်တည်တိုက်ပွဲဝင်ခဲ့မှုကို ဂုဏ်ပြုသောအားဖြင့် ဆုချီးမြှင့်ရခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

 ဆုရွေးချယ်ရေးအဖွဲ့၏ အမျိုးသမီးဥက္ကဌ ဘီရစ် ရိုက်စ်အန်ဒါဆင်က သူမ၏ ကြိုပမ်းလှုပ်ရှားမှုများကြောင့် သူမဘဝ အကြီးအကျယ်ပေးဆပ်ခဲ့ရသည်ဟု ပြောကြားခဲ့သည်။

 

မစ္စမိုဟမ်မာဒီ သည် လက်ရှိအချိန်တွင် အီရန်နိုင်ငံ တီဟီရန် အကျဉ်းထောင်ထဲတွင် ထောင်ဒဏ် ၁၀ နှစ် ပြစ်ဒဏ်ချခံထားရသည်။

 

အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ယခုဆုသည် ဘက်လိုက်သော ဆုသာဖြစ်သည်ဟု ပြောဆိုလိုက်ပြီး ဥရောပနိုင်ငံ အချို့၏ ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်မှု နှင့် အီရန်ဆန့်ကျင်ရေးမူဝါဒအတိုင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

 

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က မစ္စ မိုဟမ်မာဒီ၏ မတုန်မလှုပ်သော ရဲစွမ်းသတ္တိကို ချီးကျူးလိုက်ပြီး အီရန် အစိုးရအား သူမကို လွှတ်ပေးရန် တောင်းဆိုခဲ့သလို ပြင်သစ်သမ္မတ မက်ခရွန်က “ လွတ်မြောက်ရေးတိုက်ပွဲဝင်သူ (Freedom fighter) “ အဖြစ် ချီးကျူးလိုက်သည်။

 

ဆုရွေးချယ်ရေးကော်မတီ အမျိုးသမီးဥက္ကဌ မစ္စ ရိုင်းစ် အန်ဒါဆန်က မစ္စ မိုဟမ်မာဒီသည် အီရန်အမျိုးသမီးများအပေါ် အစိုးရက ဖိနှိပ်မှု နှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ဦးဆောင်ဆန့်ကျင်ခဲ့ပြီး ယခုဆုမှာ ပြီးခဲ့သည့်နှစ်က အီရန်နိုင်ငံတွင် အမျိုးသမီးအခွင့်အရေးအတွက် ဆန္ဒပြခဲ့ကြသည့် ထောင်ပေါင်းများစွာသော အီရန်အမျိုးသမီးများ အတွက်ပါ ရည်စူးသည်ဟု ပြောကြားခဲ့သည်။

 

NN-27

 ref:bbcworld

ဆက်စပ် သတင်းများ