စနေ၊ စက်တင်ဘာလ ၂၁ရက်၊ ၂၀၂၄

အကျဉ်းချခံနေရသော အီရန်အမျိုးသမီး လှုပ်ရှားတက်ကြွသူ နာဂျက်စ် မိုဟမ်မာဒီ ကိုယ်စား ငြိမ်းချမ်းရေးနိုဗယ်ဆုကို ဆယ်ကျော်သက်အမြွာ သားနှင့်သမီးက နော်ဝေတွင် လက်ခံရယူ


  • ရေးသူ: Web Master (NN 27)
  • | ရက်စွဲ: ၁၁ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 795

၂၀၂၃ ခုနှစ် နိုဗယ်ဆုများ ချီးမြှင့်ပေးအပ်ပွဲကို နော်ဝေနိုင်ငံ၊ အော်စလိုမြို့တွင် ဒီဇင်ဘာလ ၁၀ရက်(တနင်္ဂနွေနေ့)က ကျင်းပပြုလုပ်ခဲ့သည်။

 ယခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဗယ်ဆုကို ပေးအပ်ချီးမြှင့်စဉ် ငြိမ်းချမ်းရေးနိုဗယ်ဆု ချီးမြှင့်ခံရသူ အီရန် အမျိုးသမီးအရေး လှုပ်ရှားတက်ကြွသူ နာဂျက်စ် မိုဟမ်မာဒီ မှာ တီဟီရန်အကျဉ်းထောင်၌ အကျဉ်းကျ ခံနေရသဖြင့် ၄င်း၏ကိုယ်စား ဆယ်ကျော်သက်အရွယ်သား နှင့် သမီးအမြွာ နှစ်ဦးက လက်ခံရယူခဲ့သည်။

 

အကျဉ်းထောင်ထဲမှတစ်ဆင့် လျှို့ဝှက်ရေးသားပေးပို့ခဲ့သော မိန့်ခွန်းတွင် မိုဟမ်မာဒီက အကြွင်းမဲ့အာဏာရှင် စနစ်အောက်မှ ဖိနှိပ်ခံ အီရန်ပြည်သူများ တစ်နေ့လွတ်မြောက်ရမည်ဟု ပြောကြားထားသည်။

 

အီရန်အမျိုးသမီးအရေး လှုပ်ရှားတက်ကြွသူ မိုဟမ်မာဒီသည် အီရန်အမျိုးသမီးများအပေါ် အစိုးရ၏ ဖိနှိပ်မှုကို ဆန့်ကျင်တိုက်ပွဲဝင်ခဲ့၍ တီဟီရန်အကျဉ်းထောင်တွင် ထောင်ဒဏ်(၁၀)နှစ် ပြစ်ဒဏ်ကျခံနေရသည်။

 

အသက်(၅၁)နှစ်အရွယ်ရှိ မိုဟမ်မာဒီသည် ဖိနှိပ်ခွဲခြားခံနေရသော အီရန်အမျိုးသမီးများဘက်မှ ရပ်တည်ပြီး လူ့အခွင့်အရေးလှုပ်ရှားများကို ဦးဆောင်မှုဖြင့် ၂၀၁၀ခုနှစ်မှစ၍ အကြိမ်ကြိမ် ထောင်သွင်းအကျဉ်းချခံနေခဲ့ရသူဖြစ်သည်။

 

နောက်ဆုံးအကျဉ်းချခံရသည့်ပြစ်မှုမှာ မဟုတ်မမှန်သတင်း ဖြန့်ချိမှုဖြစ်သည်။

 

သူမ၏ခင်ပွန်း နိုင်ငံရေးလှုပ်ရှားတက်ကြွသူ တာဂီ ရာမာနီ မှာ ပြင်သစ်နိုင်ငံတွင် ရင်သွေးနှစ်ဦးနှင့်အတူ နေထိုင်လျှက်ရှိသည်။

 

အကျဉ်းထောင်ထဲမှ ခိုးထုတ်လာခဲ့သော သူမ၏ မိန့်ခွန်းကို သူမ၏ သားနှင့်သမီးဖြစ်သူ အသက် ၁၇ နှစ်အရွယ် ကီရာနာ နှင့် အလီ ရာမာနီတို့က ပြင်သစ်ဘာသာဖြင့် ဖတ်ကြားခဲ့ရာ မိုဟမ်မာဒီ က “ဒီစာကို မြင့်မားပြီး အေးစက်နေတဲ့ အုတ်တံတိုင်း နောက်ကွယ်က ရေးသားခဲ့ပါတယ်” ဟု ဖော်ပြခဲ့ပြီး ဖိနှိပ်မှုကို ဆန့်ကျင် တော်လှန်နေကြသည့် အီရန်လူငယ်များကို ချီးကျူးသွားခဲ့သည်။

 

ငြိမ်းချမ်းရေးနိုဗယ်ဆုအတွက် ချီးမြှင့်သောဆုငွေပမာဏမှာ ဆွီဒင်ကရောင်း (၁၁)သန်း( အမေရိကန်ဒေါ်လာ တစ်သန်းခန့်) ရှိပြီး အော်စလိုမြို့တော်ခန်းမ၌ ကျင်းပသောအခမ်းအနားသို့ နိုဗယ်ဆုရှင်များနှင့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

NN-27

ref:BBCWorld

ဆက်စပ် သတင်းများ