တနင်္ဂနွေ၊ မေလ ၅ရက်၊ ၂၀၂၄

ဟားမတ်စ်အဖွဲ့ ဒုတိယခေါင်းဆောင် ဆာလက်အယ်လ်အာရိုရီ ဘေရွတ်မြို့တွင် လုပ်ကြံသတ်ဖြတ်ခံရ


  • ရေးသူ: Web Master (NN 27)
  • | ရက်စွဲ: ၀၃ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 546

ဟားမတ်စ်အဖွဲ့​၏ ဒုတိယခေါင်းဆောင် ဆာလက် အယ်လ် အာရိုရီအား လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့တွင် အစ္စရေးတို့က လုပ်ကြံသတ်ဖြတ် လိုက်ပြီဟု သိရှိရသည်။

အဆိုပါလုပ်ကြံသတ်ဖြတ်မှုနှင့်ပတ်သက်၍ အစ္စရေးတပ်ဖွဲ့က ၎င်းတို့​၏ အသေအချာရွေးချယ်ပြီး  အယ်လ်အာရိုရီကို ဒရုန်းဖြင့်လုပ်ကြံ သတ်ဖြတ်နိုင်ခဲ့ပြီဟု ထုတ်ဖော်ကြေညာခဲ့သည်။

ဟားမတ်စ်​အဖွဲ့​၏ မဟာမိတ် ဟစ်ဇ်ဘိုလာအဖွဲ့က ယခုလုပ်ကြံသတ်ဖြတ်မှုမှာ လက်ဘနွန်နိုင်ငံ​၏ အချုပ်အခြာအာဏာကို ထိုးနှက်မှုဖြစ်သည်ဟုပြောဆိုလိုက်ပြီး လက်တုန့်ပြန်သွားမည်ဟု ဆိုသည်။

လက်ဘနွန်ဝန်ကြီးချုပ်က အစ္စရေးတို့​၏ ယခုလုပ်ကြံမှုမှာ လက်ဘနွန်နိုင်ငံကို စစ်ပွဲအတွင်းသို့ ဆွဲသွင်းရန် ကြိုးပမ်းမှုဖြစ်သည်ဟု စွပ်စွဲလိုက်သည်။

လက်ဘနွန်မီဒီယာများ​၏ ဖော်ပြချက်အရ ဟားမတ်စ်အဖွဲ့​၏ လက်ထောက် နိုင်ငံရေးခေါင်းဆောင် အာရိုရီ သည် ဟားမတ်စ်တပ်မှူးနှစ်ဦး၊ အခြားအဖွဲ့ဝင်လေးဦးနှင့်အတူ ဘေရွတ်မြို့တောင်ပိုင်းတွင် အစ္စရေးတို့​၏ ဒရုန်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုခံရပြီး သေဆုံးသွားသည်ဟု သိရှိရသည်။

အာရုရီသည် ဟားမတ်စ် လက်နက်ကိုင်အဖွဲ့ အော်ဆမ်တပ်ရင်းတွင် အဓိကပုဂ္ဂိုလ်တစ်ဦးဖြစ်သလို ဟားမတ်စ်အဖွဲ့ခေါင်းဆောင် အစ္စမေးလ် ဟာနီယာ​၏ အရင်းနှီးဆုံးမဟာမိတ်တစ်ဦးလည်းဖြစ်သည်။

အစ္စရေးနိုင်ငံ​၏ ပြောရေးဆိုခွင့်ရှိသူ မာ့ခ်ရီဂက်ဗ်က လုပ်ကြံသတ်ဖြတ်မှုကို ဝန်ခံပြောဆိုခြင်း မရှိသော်လည်း မည်သူက လုပ်ကြံတိုက်ခိုက်သည်ဖြစ်စေ ယခုလုပ်ကြံမှုမှာ လက်ဘနွန်နိုင်ငံအား တိုက်ခိုက်ခြင်းမဟုတ်သလို ဟစ်ဇဘိုလာအဖွဲ့အား တိုက်ခိုက်ခြင်းမဟုတ်ဟု ပြောဆိုသွားခဲ့သည်။

ဟားမတ်စ်အဖွဲ့ ဒုတိယခေါင်းဆောင် အာရိုရီ(၅၇နှစ်) လုပ်ကြံသတ်ဖြတ်ခံရမှုမှာ အောက်တိုဘာ(၇)ရက် တိုက်ခိုက်မှုကြောင့် အစ္စရေး နှင့် ဟားမတ်စ်တို့ ဂါဇာစစ်ပွဲဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ဟားတ်စ်အဖွဲ့​၏ ရာထူးအမြင့်ဆုံးခေါင်းဆောင်တစ်ဦး သတ်ဖြတ်ခံရမှုဖြစ်သည်။

NN-27

ref:bbcworld

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!