တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

ရခိုင်ရှိစစ်ဘေးရှောင်များကိုထောက်ပံ့ရန် ကိုးရီးယားနိုင်ငံတွင် ဘောလုံးပြိုင်ပွဲ ပြုလုပ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 544

မောင်စာဂ/နိရဥ္စရာ၊ မေ ၇/၂၀၂၄

ရခိုင်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်များကို ကူညီထောက်ပံ့နိုင်ရန် ရန်ပုံငွေရှာဖွေသည့် အနေဖြင့် ဘောလုံးပွဲပြိုင်ပွဲ တစ်ခုကို ကိုးရီးယားနိုင်ငံတွင် ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

အဆိုပါပွဲကို "စုပေါင်းခွန်အား အာရကန်ဖလားဘောလုံးပြိုင်ပွဲ"အမည်ဖြင့် ရခိုင်အသင်း(ကိုးရီးယား)က ဦးဆောင်ကာ တောင်ကိုရီးယားနိုင်ငံ၊ ဂွမ်ဂျူကြီးမြို့၊ ဟာနမ်းစက်မှုဇုံတွင် ဒေသစံတော်ချိန် မေလ ၅ ရက်၊ နံနက် ၉ နာရီခွဲမှ ညနေ ၆ နာရီခွဲအထိ ကျင်းပခဲ့ခြင်းဖြစ်သည်။

တစ်သင်းလျှင် အသင်းဝင်ကြေး ဝမ် ၆ သိန်းစီဖြင့် ဂွမ်ဂျူး၊ သရက်တောင်၊ ပေါက်တော၊ မြောက်ဦး၊ ရမ္မာဝတီ၊ လေးရပ်ဝတီ၊ ရသေ့တောင်နှင့် ဘူဆန်စသည့်အသင်း ၈ သင်းက ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြသည်ဟု သိရသည်။



ယင်းအနက် ပထမဆုကို လေးရပ်၀တီအသင်းက ရရှိခဲ့ပြီး ဒုတိယဆုကို ဂွမ်ဂျူးအသင်းက ရရှိခဲ့သည်ဟု ရခိုင်အသင်း(ကိုးရီးယား)၏နာယက ကိုစိုးဌေးက နိရဥ္စရာကိုပြောသည်။

"ဒီပွဲလုပ်ရတဲ့ရည်ရွယ်ချက်က ကိုရီးယားရောက် ရခိုင်ညီအကိုတွေ တစ်စုတစ်စည်းတည်း တွေ့ဆုံပြီး ချစ်ကြည်ရင်းနှီးမှုတွေရပြီးတော့ တစ်ယောက်နဲ့တစ်ယောက် အကူအညီတွေ ပေးနိုင်ရေးနဲ့ စစ်ဘေးရှောင်တွေအတွက် ရန်ပုံငွေရရှိရေး ကျင်းပရတာဖြစ်ပါတယ်"ဟု ပြောသည်။

ပထမဆုကို ဝမ် ၆ သိန်းနှင့် ဒုတိယဆုကို ဝမ် ၃ သိန်းအသီးသီး ချီးမြှင့်ခဲ့သည်ဟု ဆိုသည်။



အဆိုပါပွဲကျင်းပသည့်ရက်တွင် မိုးသည်းထန်စွာရွာသွန်းခဲ့သော်လည်း ကိုးရီးနိုင်ငံတွင်းရှိ ရခိုင်လူမျိုးဦးရေ ၃၀၀ ကျော် လာရောက်အားပေးခဲ့ကြသည်ဟု ကိုစိုးဌေးက ဆက်ပြောသည်။

"အသင်း၀င်ကြေးတွေဆိုရင် ဝမ် သိန်း ၄၀ ကျော် လောက်ရပါမယ်။ ကုန်ကျစရိတ်တွေနဲ့တော့ မနှုတ်ရသေးဘူး။ ဆုတွေပေးရတာတွေလည်း ရှိပါသေးတယ်။ စာရင်းမချုပ်ရသေးဘူး။ မိုးကလည်း အရမ်းရွာနေတော့ သီးသန့်အလှူခံဖို့လည်း မရလိုက်ဘူးလေ"ဟု ပြောသည်။

ယခုပွဲမှ ရရှိသည့်ရန်ပုံငွေများကို ရခိုင်ရှိစစ်ဘေးရှောင်များအား ပေးပို့လှူဒါန်းသွားမည်ဟု သိရသည်။

ယခုဘောလုံးပွဲကိုဦးဆောင်ကျင်းပသည့် ရခိုင်အသင်း(ကိုးရီးယား)သည် ရခိုင်ရှိ စစ်ဘေးရှောင်များ အတွက် အလှူငွေများ တောက်လျှောက် ကောက်ခံ ထောက်ပံ့နေသည့် လူမှုအသင်းတစ်ခုဖြစ်သည်။



ရခိုင်တွင် တစ်ကျော့ပြန်တိုက်ပွဲများကြောင့် လူပေါင်း ၁၆၆,၀၀၀ ခန့် နေရပ်စွန့်ခွာ ထွက်ပြေးနေရကြောင်း ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူသားချင်းစာနာမှု ပူးပေါင်းဆောင်ရွက်ရေးရုံး (United Nations OCHA Myanmar)က မေလ ၁ ရက်တွင် ထုတ်ပြန်ထားသည်။

ဓာတ်ပုံ - ကိုစိုးဌေး

ဆက်စပ် သတင်းများ