အင်္ဂါ၊ မေလ ၂၈ရက်၊ ၂၀၂၄

ဘဏ်ဓါးပြတိုက်မှု ကျူးလွန်ခဲ့သည့် ကူကီးချင်း လက်နက်ကိုင်အဖွဲ့ (KNF)ကို တိုက်ခိုက်သွားမည်ဟု ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီးပြော


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 4.6k

နွေနေ/ နိရဉ္စရာ၊ ဧပြီ ၇/၂၀၂၄

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘန်ဒါဘန်ခရိုင်ရှိ ဘဏ်တစ်ခုကို Kuki-Chin National Front (KNF)/ကူကီး ချင်းလက်နက်ကိုင် အဖွဲ့က ပြီးခဲ့သည့်ရက်များက ဓါးပြဝင်တိုက်ခဲ့ပြီးနောက် ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး အဆာဒူဇာမန် ခန်သည် အဆိုပါ ဒေသသို့ သွားရောက်ခဲ့ပြီး ကူကီးချင်းလက်နက်ကိုင်အဖွဲ့ကို စစ်ဆင်ရေးပြုလုပ်ကာ တိုက်ခိုက်နှိမ်နှင်းသွားမည်ဟု စနေနေ့က ပြောဆိုလိုက်သည်။

“ ဘင်ဒရိုဘင်က အရင်က အင်မတန် အေးချမ်းတဲ့နေရာတစ်ခုပါ။ ဒါပေမယ့် လက်နက်ကိုင် ခွဲထွက်ရေးအုပ်စုက ဘဏ်ဓါးပြတိုက်တာမျိုး ရာဇဝတ်မှုတွေ ကျူးလွန်လာကြတယ်။ ဒီရာဇဝတ်မှုတွေကို ဒီအတိုင်း လွှတ်ပေးထားမှာမဟုတ်ဘူး။ နောက်ထပ်စုံစမ်းစစ်ဆေးမှုတွေလုပ်ပြီး ရာဇဝတ်မှုနောက်ကွယ်မှာ ရှိသူကို ဖော်ထုတ်ရမယ်” ဟု ပြည်ထဲရေးဝန်ကြီး ခန်က ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်ပြည်ထဲရေးဝန်ကြီးသည် စနေနေ့က ဘင်ဒရိုဘင် (ရွာတော်) ခရိုင်  ရုံမော်မြို့နယ်သို့ သွားရောက်စဉ် ယခုလို ပြောကြားလိုက်ခြင်းဖြစ်သည်။

သတင်းထောက်များ၏ မေးမြန်းမှုကို ဖြေကြားရာ၌ ဘဏ်ဓါးပြတိုက်မှုဖြစ်ပွါးစဉ် ပေါ့ဆမှု တစ်စုံတရာရှိသည်ကို တွေ့ပါက အရေးယူသွားမည်ဟု ဆိုသည်။

ပြီးခဲ့သည့် သောကြာနေ့က လက်နက်ကိုင်လူတစ်စုသည် ဘင်ဒရိုဘင်ခရိုင်  အလယ်ခွာတောင်ရှိ စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြသည်။

ထိုဖြစ်စဉ်နောက်ပိုင်းတွင် ရုံမော်နှင့် တန်းဆိပ်တွင် ကူးကီးချင်းလက်နက်ကိုင်အဖွဲ့နှင့် ဒေသခံရဲများ အပြန်အလှန် ထိတွေ့တိုက်ခိုက်မှုများဖြစ်ပွါးခဲ့ပြီးနောက် လုယက်မှု၊ ပြန်ပေးဆွဲမှုများ ဖြစ်ပေါ်ခဲ့သည်။

အဆိုပါ ကူကီးခွဲထွက်ရေးအဖွဲ့သည် ပြီးခဲ့သည့် အင်္ဂါနေ့ကလည်း ရုံမော်မြို့နယ်ရှိ ဆိုနာလီ ဘဏ်ခွဲကို ဝင်ရောက်လုယက်ခဲ့ပြီး တာကာ ၁ ဒသမ ၅ ကုဋေရှိ မီးခံသေတ္တာအားဖွင့်မရသဖြင့် ဘဏ်နေဂျာကို ပြန်ပေးဆွဲသွားခဲ့သည်။

ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ကလည်း သန်ချီဥပဇီလာရှိ ဆိုနာလီနှင့် ကရီရှီဘဏ်ခွဲများကို ဝင်ရောက် လုယက်ခဲ့သေးသည်ဟု သိရသည်။

Kuki-Chin National Front (KNF)သည် ယခင်နှစ်က အင်အား ၃၀၀ ခန့်သာရှိသော်လည်း ယခုနှစ်တွင် လက်ရှိအင်အား (၇၀၀)ခန့်အထိ တိုးလာပြီး စစ်တကောင်း တောင်တန်းနယ်တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရန် တောင်းဆိုနေသည့် အဖွဲ့ဖြစ်ကာ  လူမျိုး ၆ မျိုး  (Bawm, Pankhowa, Lusai, Khyang, Mro, and Khumi) တို့ကို ကိုယ်စားပြုထားသည်ဟု ပြောဆိုထားကြောင်း ဘင်္ဂလားဒေ့ရှ် စစ်ရေး လေ့လာသုံးသပ်သူ အငြိမ်းစားဗိုလ်မှူးချုပ် M Sakhawat Hossain ၏ ဆောင်ပါးတစ်ပုဒ်တွင် ရေးသားထားသည်။

၎င်း KNF သည် ယခုလ ၅ ရက်နေ့ကလည်း ဘင်ဒရိုဘင်ခရိုင်၊ တန်းဆိပ်နှင့် အလယ်ခွာတောင် မြို့နယ် ကြားရှိ ဘင်္ဂလာရဲနှင့် စစ်တပ် ပူးပေါင်းစစ်ဆေးရေးဂိတ်တစ်ခုကို တိုက်ခိုက်ခဲ့သည်ဟု ဘင်္ဂလားဒေ့ရှ် မီဒီယာများတွင် ရေးသား​ဖော်ပြသည်။

 

 ref:Dhaka tribune

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!