တနင်္ဂနွေ၊ စက်တင်ဘာလ ၈ရက်၊ ၂၀၂၄

ငပလီရှိ ဟိုတယ်များ၏ မြေနေရာကို စိစစ်ပြီး နစ်နာခဲ့သူ ဒေသခံမူလမြေပိုင်ရှင်များအတွက် တရားမျှတမှု ရရှိသင့်ဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 4.6k

ကံ့ကော်နီနီ၊ နိရဉ္စရာ၊ ဇူလိုင် ၂၁/၂၀၂၄

အာရက္ခတပ်တော် (AA) ၏ ထိန်းချုပ်မှုအောက်ကို ရောက်ရှိသွားပြီဖြစ်သည့် ငပလီရှိ ဟိုတယ်များ၏ မူလမြေနေရာကို စိစစ်ပြီး နစ်နာခဲ့သူ ဒေသခံမြေပိုင်ရှင်များအတွက် တရားမျှတမှု ရရှိအောင် ဆောင်ရွက်သင့်ဟုဆို ရခိုင်နိုင်ငံရေးလေ့လာသုံးသပ်သူ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက ပြောကြားသည်။ 

ငပလီရှိ ဟိုတယ်များ၏ အနာဂတ် ကံကြမ္မာနှင့် ပတ်သက်ပြီး ပြည်သူများ စိတ်ဝင်စားမှု မြင့်မားနေချိန်တွင် ဦးဖေသန်းအား ဆက်သွယ်မေးမြန်းရာ၌ သူ၏အမြင်ကို ထိုသို့ တုံ့ပြန် ဖြေကြားသွားခြင်းဖြစ်သည်။

" မူလအစကပဲ အဲဒီမြေယာတွေဟာ ဘယ်လိုရယူခဲ့လဲဆိုတာ အရမ်းအရေးကြီးတယ်။ ပုဂ္ဂလိကပိုင် မြေနေရာတွေလား။ ဌာနဆိုင်ရာမြေနေရာတွေကို ရယူခြင်းလား။ အဲဒါတွေကို အဓိကထားပြီး စိစစ်ရမှာပဲ။ အဲဒီမှာ နစ်နာတဲ့သူတွေရှိရင် နစ်နာသူတွေရသင့်တဲ့ နစ်နာကြေးပြန်ပေးတာမျိုးတွေ ရှိလာရမယ်ပေါ့” ဟု ပြောသည်။

ငပလီကမ်းခြေ ဟိုတယ်ဇုန်များအထဲတွင်  ခရိုနီနှင့် စစ်ဗိုလ်ချုပ်မိသားစုဝင်များ ပိုင်ဆိုင်ထားသော ဟိုတယ်အများအပြား ပါဝင်သည်။

ဒေသခံများထံမှ စစ်တပ်က လျော်ကြေးမပေးဘဲ မတရား သိမ်းထားခဲ့သည့် မြေယာကိစ္စများကိုလည်း အာရက္ခတပ်တော်ဘက်မှ သေချာစိစစ်ပြီး နစ်နာသူ မြေပိုင်ရှင်များအတွက်တရားမျှတသည့် ဆုံးဖြတ်ချက်များ ဖော်ဆောင်ချမှတ်သွားမည်ဟု ယုံကြည်ကြောင်း ဦးဖေသန်းက ဆက်ပြောသည်။

၎င်းပြင် လက်ရှိဟိုတယ်များတွင် စစ်အုပ်စုကို  အကျိုးပြုနေသည့် ဟိုတယ်များ  ပါ မပါကို စိစစ်ရန် လိုအပ်သည်ဟုလည်း သူက ဆိုသည်။

“ အဲဒီလုပ်ငန်းတွေကို စိစစ်ပြီးမှ သူတို့ (စစ်အုပ်စုမိသားစုဝင်များနဲ့ ခရိုနီများ)ရဲ့ ဟိုတယ် လုပ်ငန်းတွေဟာ စစ်ကောင်စီကို အကျိုးပြုသလား။ ပူးပေါင်းဆောင်ရွက်နေသလား။ ရခိုင်ပြည်အတွက် ဘာအကျိုးအမြတ်ရှိမလဲ။ နောက်ပြီး စစ်ကောင်စီကို အထောက်အပံ့ပြုနေတဲ့ ဟိုတယ်တွေလား။ သေချာစစ်စစ်ရမယ်။ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး သုံးပိုင်းစလုံးကိုစဥ်းစားပြီးမှ ဒီကိစ္စတွေက ဖြေရှင်းလို့ရနိုင်မယ်လို့ ထင်ပါတယ်" ဟု ဦးဖေသန်းက ပြောသည်။

ငပလီကမ်းခြေရှိ ဟိုတယ်များအထဲတွင်  စစ်တပ်က ဒေသခံများ၏ မြေယာများကို လျော်ကြေး မပေးဘဲ မတရားသိမ်း ဆည်းပြီး စစ်ဗိုလ်ချုပ်များ၏ မိသားစုဝင်များနှင့် ခရိုနီများကို ငှားရမ်းခ တန်ဖိုးနည်းပါးစွာဖြင့် နှစ်ပေါင်းဆယ်နှင့်ချီ၍ ငှားရမ်းထားသည့် ဟိုတယ်များလည်း ပါဝင်ကြောင်း သိရသည်။

၂၀၀၀ ပြည့်နှစ်တွင် ခလရ (၅၅) တိုးချဲ့ရန်အတွက်ဟုဆိုကာ ဒေသခံ ၆၀ ဦးပိုင်ဆိုင်သည့် မြေဧက ၃၅ ဒသမ ၅၃ ဧကကို လျော်ကြေးငွေမပေးဘဲသိမ်းယူခဲ့ပြီး မက်စ် မြန်မာ ကုမ္ပဏီများအုပ်စု၊ ဧဒင် အုပ်စု၊ မင်းဇာနည် ကုမ္ပဏီ၊ Amazing ဟိုတယ် အုပ်စုနှင့် ဖော်ကျွန်း ကုမ္ပဏီတို့ကို နှစ်(၃၀) လုပ်ကိုင်ခွင့်ဖြင့် ငှားရမ်းခဲ့သည်။

သံတွဲ ငပလီတွင် စစ်ဗိုလ်ချုပ်များ၏မိသားစုဝင်များနှင့် ခရိုနီကြီးများ ပိုင်ဆိုင်ထားသည့် ဟိုတယ်များမှာ  ဦးအောင်မျိုးမင်းဒင်ပိုင် Amazing Ngapali ၊ ဦးချစ်ခိုင်ပိုင် Hilton Hotel ၊ ဦးဇော်ဇော်ပိုင် Hotel Max ၊ ဦးမြဟန် Fortune Group ပိုင်  Hotel At the Rock ၊ မင်းဇာနည် အုပ်စုပိုင်  Merciel Retreat Hotel၊  ဗိုလ်ချုပ်ကြီး မောင်အေး သမီး ဒေါ်နန္ဒာအေး Pristine Mermaid Ngapali၊  ဦးထွန်းနိုင်ရွှေ (ဦးသန်းရွှေသား) Thande Ngapali၊ ဦးတေဇပိုင်  Htoo လုပ်ငန်းစုပိုင် Aureum Ngapali ဟိုတယ်၊ ဦးနေဝင်းထွန်း- ပတ္တမြားနဂါး (Ruby Dragon) ပိုင် Jade Marina နှင့် ခလရ(၅၅)က သိမ်းထားသည့် မြေပေါ်တွင်တည်ဆောက်ထားသော Coconut Island ဟိုတယ်၊  ဒေါ်သန္တာနေဝင်း ပိုင်ဆိုင်ထားသည့် Ngapali Bay and Spa တို့ဖြစ်ကြသည်။

သံတွဲမြို့နယ်တွင် ပြီးခဲ့သည့် ဧပြီလလောက်က အာရက္ခတပ်တော်က ထိုးစစ်တိုက်ပွဲများ ဖော်ဆောင်ခဲ့ခြင်း ဖြစ်ပြီး တဖြည်းဖြည်းသံတွဲမြို့အနီးချဥ်းကပ်ဝင်ရောက်ကာ သုံးလအတောအတွင်း ခြေမြန်တပ်ရင်း(၂)ခု ၊ သံတွဲလေဆိပ်၊အဏ္ဏဝါရိပ်သာ၊ သံတွဲအကျဥ်းထောင်၊ မြို့မရဲစခန်းအပါအဝင် စစ်စခန်းငယ်များကိုထိုးစစ်ဆင်သိမ်းပိုက်ပြီး သံတွဲမြို့ကိုထိန်းချုပ်လိုက်ခြင်းဖြစ်သည်။

ဆက်စပ် သတင်းများ