တနင်္ဂနွေ၊ စက်တင်ဘာလ ၈ရက်၊ ၂၀၂၄

မိုးသည်း၍ ဂွနှင့် ဧရာဝတီသို့ဆက်သွယ်ထားသည့် ကားလမ်း ပြိုကျနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 615

မောင်စာဂ
နိရဥ္စရာ၊ ဇူလိုင် ၂၇/၂၀၂၄

ရခိုင်ပြည်တောင်ဘက်အစွန်ဆုံးဖြစ်သည့် ဂွမြို့နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့နယ်သို့ဆက်သွယ်ထားသည့်ကားလမ်းသည် ယနေ့တွင် ပြိုကျနေ၍ သွားလာမရဖြစ်နေကြသည်ဟု သိရသည်။

ဂွနှင့် ငါးသိုင်းချောင်းသို့ဆက်သွယ်ထားသော ရိုးလမ်းပေါ်ရှိ ဒေသအခေါ် ၁၇ မိုင်တွင် ယနေ့ ဇူလိုင်လ ၂၇ ရက်၊ နံနက်အစောပိုင်းမှစတင်ကာ လမ်းပြိုကျနေ၍ ကုန်ကားများနှင့် ခရီးသည်တင်ကားများ သွားလာမရဖြစ်နေကြသည်ဟု ယင်းနေရာသို့ရောက်ရှိနေသည့် ဂွဒေသခံ ကိုကျော်မြင့်မောင်က ပြောသည်။

"လောလောဆယ်တော့ ပိတ်ထားတယ်လေ။ ကားကြီးတွေဆိုအကုန်သွားမရတာ။ ခရီးသည်တင်ကားတွေရော၊ ကုန်ကားတွေရောပေါ့။ ကားလေးတွေတောင်မလွယ်ဘူးဗျ။ အခြေအနေကလေ"ဟုပြောသည်။

ယခုကဲ့သို့ လမ်းပြိုကျနေမှုသည် တောင်ပြိုကျနိုင်သည့်အနေအထားသို့ပင်ရောက်နိုင်ပြီး အန္တရာယ်ရှိ၍ လမ်းသွားလမ်းလာခရီးသည်များအနေဖြင့် သတိထားသွားလာကြရန်လိုအပ်သည်ဟု ဒေသခံများက ပြောသည်။

လက်ရှိ ဂွမြို့နယ်အတွင်း ဇူလိုင်လ ၂၅ ရက်မှစတင်ကာ မိုးသည်းထန်စွာရွာသွန်းနေသည်ဟု နောက်ထပ် ဂွဒေသခံတစ်ဦးက ပြောသည်။

"မိုးက တအား သည်းနေတယ်ဗျ။ ခဏလေးရပ်လိုက်၊ ပြန်သည်းလာလိုက်နဲ့လေ"ဟု ပြောသည်။

လက်ရှိ ရခိုင်တစ်ပြည်လုံးနီးပါးတွင် ပြီးခဲ့သည့်ရက်ပိုင်းမှစတင်ကာ မိုးအဆက်မပြတ်ရွာသွန်းနေပြီး ယင်းအနက် သံတွဲနှင့်တောင်ကုတ်မြို့နယ်တို့တွင် ရေကြီးရေလျှံမှုများပင်ဖြစ်ပေါ်နေ၍ ဒေသခံများတွင် နေထိုင်စားသောက်ရေး အလွန်တရာခက်ခဲနေကြသည်ဟု သိရသည်။

ဓာတ်ပုံ - Ko Kyaw Myint Mg

 

 

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!