အင်္ဂါ၊ မေလ ၂၁ရက်၊ ၂၀၂၄

လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီဖွဲ့စည်း


  • ရေးသူ: Web Master (NN 07)
  • | ရက်စွဲ: ၂၃ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 340

မြန်မာသတင်းမီဒီယာလွတ်လပ်ခွင့် မြှင့်တင်ရေးနှင့် ပြည်တွင်းပြည်ပ မြန်မာသတင်းများအရေးကို ဆောင်ရွက်ရန် လွတ်လပ်သော မြန်မာသတင်း မီဒီယာကောင်စီကို အောင်မြင်စွာ ဖွဲ့စည်းလိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါ လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (Independent Press Council Myanmar) ဖွဲ့စည်း နိုင်ရေးအတွက် ဒုတိယအကြိမ် ညီလာခံကို ဒီဇင်ဘာလ ၂၀ ရက်မှ ၂၂ ရက်နေ့အထိ ထိုင်းနိုင်ငံ တစ်နေရာတွင် ပြည်တွင်းပြည်ပရှိ လွတ်လပ်သော မြန်မာသတင်းမီဒီယာ ၃၇ ဖွဲ့နှင့် တစ်သီးပုဂ္ဂလ သတင်းမီဒီယာ သမားများ အပါအဝင် စုစုပေါင်း ညီလာခံတက်ရောက်သူ ၇၇ဦးဖြင့် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ(IPCM) ဥက္ကဋ္ဌအဖြစ် ကရင်သတင်းဌာန(KIC)၏ အယ်ဒီတာချုပ် နန်းဖောဂေ၊ ဒုဥက္ကဋ္ဌ အဖြစ် သံလွင်တိုင်းမ်စ်သတင်းဌာန၏ အယ်ဒီတာချုပ် ဦးနိုင်ကိုကိုဇော်၊ အတွင်းရေးမှူ ဦးတိုးဇော်လတ်နှင့် တွဲဖက်အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူးအပါအဝင် စုစုပေါင်း ကောင်စီဝင် ၁၀ ဦးအား ရွေးကောက်တင်မြှောက်ခဲ့ သည်။

မြန်မာသတင်းမီဒီယာလွတ်လပ်ခွင့် မြှင့်တင်ရေး၊ သတင်းသမားများ လုံခြုံရေးနှင့် အကာအကွယ် ရရှိရေး၊ မီဒီယာကျင့်ဝတ်များ ရေးဆွဲပြဌာန်းကာ လိုက်နာ ကျင့်သုံးရေး၊ သတင်းမီဒီယာကောင်စီ၏ တရားဝင် ရပ်တည်ရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာ သတင်းမီဒီယာ ကောင်စီများနှင့် တရားဝင် ချိတ်ဆက် ဆောင်ရွက်နိုင်ရေးတို့ကို ညီလာခံတွင် ဆွေးနွေးဆုံးဖြတ်နိုင်ခဲ့သည်ဟု ညီလာခံအပြီးတွင် ထုတ်ပြန်သည်။

ယခု ဒုတိယအကြိမ် ညီလာခံတွင် ရည်ရွယ်ချက်များဖြစ်သည့် လွတ်လပ်သော မြန်မာသတင်း မီဒီယာကောင်စီ ဖွဲ့စည်းတည်ထောင်ခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း)ကို ရေးဆွဲအတည်ပြုခြင်း၊ အမှုဆောင်ကော်မတီဝင်များကို ရွေးကောက် တင်မြှောက်ခြင်း ၊ သတင်းမီဒီယာ ကောင်စီ၏ ရှေ့လုပ်ငန်းစဉ်များအား ဆွေးနွေးအတည်ပြုခြင်းတို့ကို ဆောင်ရွက် နိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယင်းအပြင် စစ်ကောင်စီလက်အောက်ခံ မြန်မာသတင်းမီဒီယာကောင်စီကို တရားမဝင်ကောင်စီအဖြစ် သတ်မှတ်ပြီး  လွတ်လပ်သော မီဒီယာကောင်စီအဖြစ် လုပ်ဆောင်သွားမည်ဟု လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌ နန်းဖောဂေကပြောသည်။

"သတင်းကျင့်ဝတ်တွေကို လေးစားလိုက်နာရေး၊ နောက်ပြီး တိုင်ကြားရေး ယန္တရားတွေ ကျမတို့ လုပ်ဆောင် သွားဖို့ရှိတယ်။ နောက်ပြီး နေရာဒေသအသီးသီး မတူတဲ့ဒေသတွေမှာ ရှိတဲ့သတင်းထောက်   အမျိုးသား၊ အမျိုးသမီးအားလုံးရဲ့ လုံခြုံဖို့နဲ့ဘေးကင်းဖို့အကာအကွယ်ရှိရေးကို ကျမတို့ရပ်တည်ပြီး လုပ်ဆောင်သွားမယ် ပေါ့နော်။ မြန်မာနိုင်ငံမှာ မီဒီယာလွတ်လပ်ခွင့်ရရှိရေးနဲ့ အိမ်နီးချင်းနိုင်ငံ (သို့မဟုတ်) နိုင်ငံတကာမှာရှိတဲ့ မီဒီယာအစုအဖွဲ့တွေနဲ့ အတူတကွ မီဒီယာ လွတ်လပ်ခွင့်တွေ ချိတ်ဆက်လုပ်ဆောင်သွားဖို့လည်းရှိပါတယ်" ဟု ပြောသည်။

ဒီမိုကရေစီနည်းကျ ဖွဲ့စည်းလိုက်သော လွတ်လပ်သော မြန်မာသတင်းမီဒီယာ ကောင်စီသည် လွတ်လပ်သော သတင်းမီဒီယာများ၊ တိုင်းရင်းသားမီဒီယာများ၊ ဒေသအခြေပြုမီဒီယာများကို ကိုယ်စားပြုဖွဲ့စည်းထားသော တရားဝင် သတင်းမီဒီယာကောင်စီ ဖြစ်သည်ဟု ဆိုသည်။

ထို့အပြင် စစ်ကောင်စီ လက်အောက်ခံ သတင်းမီဒီယာကောင်စီ မှာ လွတ်လပ်သော မြန်မာသတင်းမီဒီယာများကို ကိုယ်စားပြုမှုမရှိသည့် အတွက် တရားမဝင်သော အဖွဲ့အစည်း ဖြစ်ကြောင်း ညီလာခံတက်ရောက်သူများက သဘောတူ ဆုံးဖြတ်ခဲ့ကြသည်။

ယင်းအပြင် စစ်ကောင်စီက မတရားဖမ်းဆီးထိန်းသိမ်းထားသော သတင်းမီဒီယာ သမားများအား ချွင်းချက်မရှိ လွှတ်ပေး ရန်လည်း ညီလာခံ တက်ရောက်သူများက တောင်းဆိုသည်။

ပထမအကြိမ်ညီလာခံကို သြဂုတ်လတွင် ကျင်းပခဲ့ပြီး သတင်းမီဒီယာအဖွဲ့အစည်း ၅၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မြန်မာနိုင်ငံတွင် စစ်တပ်အာဏာ သိမ်းပြီးနောက် စစ်တပ်က သတင်းသမားတစ်ရာကျော် ဖမ်းဆီးခဲ့ပြီး ယင်းအထဲမှ သတင်းသမား ၄ ဦး အသတ်ခံခဲ့ရကာ ၆၈ ဦး ထောင်ကျနေဆဲဖြစ်ကြောင်း RSF ကထုတ်ပြန်ထားသည်။  (NN-7)


ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!