ဗုဒ္ဓဟူး၊ မေလ ၂၂ရက်၊ ၂၀၂၄

မြန်မာနိုင်ငံတွင် သွေးထွက်သံယိုမှုများ အဆုံးသတ်ရေးနှင့် မြန်မာပြဿနာကို မြန်မာအချင်းချင်း ဖြေရှင်းရေး အာဆီယံနိုင်ငံခြားရေးဝန်ကြီးများတိုက်တွန်း


  • ရေးသူ: Web Master (NN 27)
  • | ရက်စွဲ: ၃၀ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 2.1k

လာအိုနိုင်ငံတွင် ကျင်းပလျှက်ရှိသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးက မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော သွေးထွက်သံယို ပဋိပက္ခများ ပြီးဆုံးရေး၊ အာဆီယံငြိမ်းချမ်းရေး အစီအစဉ်နှင့် မြန်မာပြဿနာကို မြန်မာအချင်းချင်း ဦးဆောင်ဖြေရှင်းရေးကို တညီတညွတ်တည်း ထောက်ခံအာပေးနေမည်ဖြစ်ကြောင်း ဇန်နဝါရီ ၂၉ (တနင်္လာနေ့)က ထုတ်ပြန်ကြေညာလိုက်သည်။

အလားတူ မြန်မာအကျပ်အတည်းအတွက် လာအိုအထူးကိုယ်စားလှယ်သစ်​၏ ကြိုးပမ်း အားထုတ်မှုများကို ထောက်ခံအားပေးနေကြောင်း၊ သက်ဆိုင်သူအားလုံး နှင့် ထိတွေ့ဆက်ဆံပြီး ပြဿနာဖြေရှင်းနေသည့်အပေါ် အပြည့်အဝယုံကြည်ကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် အလွန်ကို ကစ်တီခွန် သည် ပြီးခဲ့သည့်လက မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သည့် ခရီးစဉ်အတွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် စစ်ကောင်စီခန့် ရွေးကောက်ပွဲကော်မရှင် နှင့် ပါတီအချို့မှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့သည်။

" လက်ရှိအကျပ်အတည်းတွေအတွက် ခိုင်မာပြီး ပြည့်စုံတဲ့ ငြိမ်းချမ်းရေးအဖြေရရှိဖို့ကြိုးစားနေတဲ့ မြန်မာနိုင်ငံကို အာဆီယံက အမြဲကူညီအားပေးနေကြောင်း၊ အာဆီယံဥက္ကဌနဲ့ ပူးပေါင်းပြီး ငြိမ်းချမ်းရေးအစီအမံဖြစ်တဲ့ အကြမ်းဖက်မှုလျှော့ချရေး နဲ့ လူသားချင်းစာနာမှု အကူအညီပေးနိုင်ရေး အတွက် ကြိုးပမ်းမှုတွေကို ထောက်ခံအားပေးနေကြောင်း" နိုင်ငံခြားရေးဝန်ကြီး များ​၏ ကြေညာချက်တွင် ဖော်ပြထားသည်။

တနင်္လာနေ့က ပြုလုပ်သည့် အစည်းအဝေးသို့ မြန်မာနိုင်ငံက နိုင်ငံရေးနှင့် မသက်ဆိုင်သည့် ကိုယ်စားလှယ်အဖြစ် နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါ်မာလာသန်းထိုက်ကို စေလွှတ်ခဲ့သည်။

မြန်မာစစ်ကောင်စီသည် အာဏာသိမ်းပြီး နှစ်လအကြာ အင်ဒိုနီးရှားတွင် ပြုလုပ်ခဲ့သည့် အရေးပေါ်ထိပ်သီးအစည်းအဝေး၌ အာဆီယံက အဆိုပြုခဲ့သည့် ငြိမ်းချမ်းရေးအစီအမံ (ဘုံသဘောတူညီချက်ငါးရပ်) ကို လိုက်နာအကောင်အထည်ဖော်ရန် ပျက်ကွက်ခဲ့သည့်အတွက် အာဆီယံထိပ်သီးအစည်းအဝေးများ တက်ရောက်ခွင့် တားဆီးခံထားရသည်။

အာဆီယံနိုင်ငံများ​၏ ထိုသို့ တားမြစ်ပိတ်ပင်မှုကို စစ်ကောင်စီက ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်မှု အဖြစ် တုန့်ပြန်ခဲ့ပြီး အာဆီယံအစည်းအဝေးများသို့ (တက်ရောက်ခွင့်ပေးထားသည့် နိုင်ငံရေးနှင့် မသက်ဆိုင်သော ကိုယ်စားလှယ်တစ်ဦးကိုပင် စေလွှတ်ခြင်းမပြုဘဲ နေခဲ့ရာမှ ) လာအိုနိုင်ငံခြားရေး ဝန်ကြီးများအစည်းအဝေးကျမှ ပထမဦးဆုံးအကြိမ် ကိုယ်စားလှယ်စေလွှတ်ခြင်းဖြစ်သည်။

ယခု တက်ရောက်မှုနှင့်ပတ်သက်ပြီး အင်ဒိုနီးရှားနိုင်ငံခြားဝန်ကြီး ရက်နို မာဆူဒီက " မြန်မာ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် တက်ရောက်ရုံနဲ့ အာဆီယံရဲ့ မူဝါဒတွေ ပြောင်းမသွားပါဘူး။ အာဆီယံဆုံးဖြတ်ချက်တွေအပေါ် ရိုက်ခတ်မှု ရှိမှာလည်း မဟုတ်ဘူး" ဟု ရိုက်တာသတင်းဌာနသို့ စာဖြင့်ရေးသားဖြေကြားခဲ့သည်ဟု သိရှိရသည်။

NN-27

 ref:CNA

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!