ကြာသပတေး၊ မေလ ၂ရက်၊ ၂၀၂၄

ရေး-ထားဝယ် အမှတ် (၈) ပြည်ထောင်စုလမ်းမကို MSRF နှင့် မဟာမိတ်တပ်ဖွဲ့များက စိုးမိုးထားပြီး နေ့စဉ်စစ်ဆေးမှုများပြုလုပ်နေ



မွန်ပြည်နယ်၊ ရေးမြို့ တောင်ပိုင်းမှ တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်အထိ အမှတ် (၈) ပြည်ထောင်စု လမ်းပိုင်းကို တော်လှန်ရေး တပ်ဖွဲ့များက ဆက်လက် စိုးမိုးထားပြီး နယ်မြေလုံခြုံရေးအတွက်နေ့စဉ် စစ်ဆေးမှုများ ပြုလုပ်နေကြောင်း မွန်ပြည်တော်လှန်ရေးတပ်(MSRF)က ဧပြီ ၈ ရက်တွင်ထုတ်ပြန်ထားသည်။

မွန်ပြည်နယ် ရေးမြို့တောင်ပိုင်းမှ တင်္နသာရီတိုင်း သရက်ချောင်းမြို့နယ်အထိ အမှတ် () ပြည်ထောင်စုလမ်းပိုင်းကို မွန်ပြည်တော်လှန်ရေးတပ်(MSRF)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနစစ်ကြောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားတပ်မတော် ABSDF တပ်ရင်း (၁)၊ ကံပေါက်ဒေသ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (KBDF) - ဒေါနတပ်ခွဲ(၄)၊ ထားဝယ်ကာကွယ်ရေးအဖွဲ့ (DDT) - ဒေါနတပ်ခွဲ(၇)၊ ဝေဟင်‌ဒေါနတပ်ခွဲ(၆)၊ ထားဝယ် တပ်ရင်း(၁)၊ ရေးသိမ်းငှက်၊ Ye Defense Force(YDF)၊ ရေးပြောက်ကျားတပ် (YGF) ဒေါနတပ်ခွဲ - (၃)၊ Ye Air Force(YAF) စသည့် မဟာမိတ်ပူးပေါင်းတပ်များက ယနေ့အချိန်ထိ ထိန်းချုပ်စိုးမိုးထားကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ 


အဆိုပါ ပြည်ထောင်စုလမ်းပိုင်းအား မွန်ပြည်တော်လှန်ရေးတပ် (MSRF) နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့မှ ခရီးသွားပြည်သူများ၏ လုံခြုံရေးအတွက် နေ့စဉ် စစ်ဆေးမှုများ ပြုလုပ်လျှက်ရှိနေကြောင်းသိရသည်။

အမှတ် (၈) ပြည်ထောင်စုလမ်းပိုင်းကို မတ်လ ၁၉ ရက်နေ့မှစ၍ တော်လှန်ရေး မဟာမိတ်ပူးပေါင်းအဖွဲ့များက ယနေ့အထိ ဆက်လက်စိုးမိုးရယူထားဆဲဖြစ်ကြောင်းသိရသည်။


မတ်လ ၂၉ ရက်နေ့တွင် တော်လှန်ရေးမဟာမိတ်ပူးပေါင်းအဖွဲ့များမှ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းအစပ်ရှိ မလွှဲတောင်ဂိတ်စခန်းကို SF-Z လေယာဉ်ဖြင့် ဗုံးသီး ၂ လုံးကြဲကာ တိုက်ခိုက်ခဲ့ပြီးနောက် ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှုမရှိဘဲ ရန်သူစစ်ကောင်စီမှ K-8W Jet Fighter ၂ စီးနှင့် ဟယ်လီကော်ပတာ ၁ စီး (စုစုပေါင်း ၃စီး) အသုံးပြု၍ ဗုံးသီး ၄၀ ခန့် ကြဲတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ရေဖြူမြို့နယ်ရှိ ကလော့သိုင်းကျေးရွာ၊ ရာဖူးကျေးရွာ၊ အလယ်စခန်းကျေးရွာနှင့် ကျွဲတလင်း ကျေးရွာတို့ကို စစ်ကောင်စီမှ လေယာဉ်အလွန်အကျွံသုံးကာ အရပ်သားပစ်မှတ်များကိုလည်း ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး တိုက်ခိုက်မှုကြောင့် အရပ်သားအမျိုးသမီး တစ်ဦး ထိခိုက် ဒဏ်ရာရှိခဲ့ ကြောင်းသိရသည်။

 မတ်လ ၃၁ ရက်နေ့မှစ၍ တော်လှန်ရေးမဟာမိတ်ပူးပေါင်းအဖွဲ့များက ခရီးသွားပြည်သူများအား နံနက် (၆) နာရီမှ ညနေ (၆) နာရီအထိသာ ခရီးသွားလာကြရန်လည်း သတိပေးထုတ်ပြန်ထားသည်။

 ဓာတ်ပုံ- MSRF

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!