တနင်္ဂနွေ၊ မေလ ၅ရက်၊ ၂၀၂၄

မြေပုံမြို့နယ်မှ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှစ်ဦးကိုအကြမ်းဖက်မှုပုဒ်မဖြင့်အမှုဖွင့်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၁ ဇွန် ၂၀၂၀
  • | ကြည့်ရှုသူ: 6k

ထွန်းခိုင် (တောင်ရင်းကျွန်း)

နိရဥ္စရာ၊ ဇွန် ၁ / ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်မှ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှစ်ဦးမှာ မေလ ၃၁ ရက်နေ့က အကြမ်းဖက်မှုပုဒ်မဖြင့် အမှုဖွင့်ခံလိုက်ရသည်ဟု သတင်းရရှိသည်။

အမှုဖွင့်ခံရသော အုပ်ချုပ်ရေးမှူးနှစ်ဦးမှာ မြေပုံမြို့ ရွာသစ်ကေရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်နှင့် မြေပုံမြို့နယ် အငူအုပ်စုအုပ်ချုပ်ရေးမှူး ဦးမောင်ဇော်တို့ ဖြစ်ကြောင်း သိရှိရသည်။

ဦးမောင်ဇော်၏ မိခင် ဒေါ်ခင်လှရီ “ သူကို မေလ ၃ဝ ရက်နေ့ နေ့လယ် ၁ နာရီလောက်က ဖုန်းဆက်ပြီးတော့ ခေါ်တယ်။ ရဲကခေါ်တာလား၊ စစ်တပ်ကခေါ်တာလာဆိုတာကို ကျမတို့လည်း မသိဘူး။ သူတို့ကို ခေါ်သွားပြီးနောက် သူအိမ်မှာ မရှိတဲ့အချိန်မှာ ရဲသားတွေနဲ့ စစ်သားတွေက အငူက သူ့အိမ်ကိုလာမွှေတယ်။ အိမ် သုံး၊ လေးဆောင်တောင်မှ မွှေသွားတယ်။ အစ်မအိမ်၊ ညီမအိမ်၊ အမေအိမ်တွေကိုပါ မွှေသွားတယ်။ အခုသူ့ကို ချုပ်ထားတော့ ကျမတို့လည်း ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဖြစ်နေတယ်။ အကုန်လုံး ငိုနေကြတယ်” ဟု ပြောသည်။

သူတို့နှစ်ဦးအား ဘယ်ပုဒ်မတွေနဲ့ အရေးယူထားတာကို မသိရှိကြောင်းနှင့် သူတို့မှာ အပြစ်မရှိသည့်အတွက် အမြန်ဆုံးပြန်လွတ်ပေးစေချင်တယ်ဟု ၎င်းကဆက်ပြောသည်။

မြေပုံမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက သူတို့အား မေလ ၃ဝ ရက် နေ့လယ် ၁ နာရီ အချိန်က ဗျူဟာမှူးမှ စစ်ဆေးစရာရှိသည်ဟု ဖုန်းဆက်ခေါ်ပြီး စခန်းတွင် စစ်ဆေးစရာရှိသည်များကို စစ်ဆေးပြီးနောက် မေလ ၃၁ ရက်နေ့တွင် အကြမ်းဖက်မှုဖြင့် အမှုဖွင့်ခံခဲ့ရကြောင်း ပြောကြားသည်။ 

“ သူတို့နှစ်ဦးကို အကြမ်းဖက်ဥပဒေဖြင့် အမှုဖွင့်ထားတယ်လို့တော့ သိရတယ်။ ဘယ်လို့ပုံစံမျိုးနဲ့ စွဲတယ် ဆိုတာကိုတော့ မသိဘူး။ အကြမ်းဖက် ဥပဒေနဲ့လို့ မြေပုံမြို့နယ်အုပ်ချုပ်ရေးမှူးကပါ အတည်ပြုလိုက်ပြီ”ဟု ဦးဖေသန်းက ပြောသည်။

ယခုလိုမျိုး အုပ်ချုပ်ရေးမှူးနှစ်ဦးကို အကြမ်းဖက်ဥပဒေဖြင့် အမှုဖွင့်လိုက်သဖြင့် တခြားအုပ်ချုပ်ရေးမှူးများလည်း စိုးရိမ်ကြောင့်ကြလျက်ရှိကြောင်း ဒေသအတွင်းက လာသော သတင်းများအရ သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ မြေပုံမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြေပုံမြို့နယ်စခန်းမှူးတို့ကို နိရဥ္စရာ သတင်းဌာန အနေဖြင့် ယနေ့နံနက်က ၃ကြိမ်ထက်မနည်း ဖုန်းဖြင့်ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိခဲ့ပါ။


ဆက်စပ် သတင်းများ