တနင်္လာ၊ မေလ ၁၃ရက်၊ ၂၀၂၄

ပန်းတောင်း-တောင်ကုတ်လမ်းမကြီးတစ်လျှောက်ရှိ ရာနှင့်ချီသည့် အိမ်နှင့်ဆိုင်ခန်းများ စက်တင်ဘာ ၃ဝ ရက် နောက်ဆုံးထား၍ လမ်းဧရိယာမှဖယ်ပေးရန် စစ်ကောင်စီအမိန့်ထုတ်


  • ရေးသူ: Web Master (NN 23)
  • | ရက်စွဲ: ၁၃ စက်တင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 742

 (မိုးတွင်းဖြစ်၍ ဖြိုဖျက်ရန် အခက်အခဲကြုံနေကြရ)

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့၊ ပန်းတောင်း-တောင်ကုတ်လမ်းမကြီးတစ်လျှောက်တွင်ရှိသည့် နေအိမ်နှင့်ဆိုင်ခန်းများအား သတ်မှတ်လမ်းဧရိယာထဲမှ စက်တင်ဘာလ ၃ဝ ရက် နောက်ဆုံးထား ဖယ်ရှားပေးရန် စစ်ကောင်စီဌာနပေါင်းစုံပူးပေါင်း

အဖွဲ့က ကိုယ်တိုင်လာရောက် ညွှန်ကြားခဲ့ကြောင်း  သတင်းရရှိသည်။

ယနေ့ စက်တင်ဘာလ ၁၃ ရက်၊ နံနက် ၁၀ နာရီကျော်တွင် မြို့နယ်စည်ပင်သာယာအဖွဲ့၊မြို့နယ်ထွေအုပ်၊ လမ်းဦးစီးဌာန၊ မြေစာရင်းဦးစီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းအဖွဲ့(အင်အား ၂၀)ခန့်က ကိုယ်တိုင်လာရောက်ကာ ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်း ဂူတာရပ်ကွက်မှ ဆိုင်ပိုင်ရှင်အမျိုးသားတစ်ဦးက နိရဥ္စရာသို့ပြောသည်။

"စည်ပင်တို့၊ လမ်းအဖွဲ့က ဦးစီးအဆင့်ပါတယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေပါတယ်။ လူ ၂၀ လောက်ပါတယ်။ နေအိမ်တွေ၊ ဆိုင်ခန်းတွေကို သူတို့သတ်မှတ်တဲ့ဧရိယာက လွတ်အောင်ဖယ်ရှားပေးဖို့ ညွှန်ကြားခဲ့ပါတယ်" ဟု ပြောသည်။

အဆိုပါဆိုင်ခန်းနှင့်နေအိမ်များကို ယခုစက်တင်ဘာလ ၃၀ ရက်နောက်ဆုံးထား၍ ဖယ်ရှားပေးရမည် ဖြစ်ပြီး ဖယ်ရှားမပေးပါက လမ်းမကြီးဥပဒေဖြင့်အရေးယူမည်ဟုလည်း ယနေ့ရက်စွဲဖြင့် ညွှန်ကြားစာ တစ်စောင် ထုတ်ပြန်ထားကြောင်း သိရသည်။

နေအိမ်နှင့်ဆိုင်ခန်းများကို လမ်းဗဟိုမှ တစ်ဖက်ကို ၇၅ ပေ၊ လမ်းဧရိယာ၏ တစ်ခုလုံးဆိုလျှင် ပေ ၁၅၀ မှ လွတ်သည်အထိ ဖယ်ရှားပေးရန် လမ်းအထူးအဖွဲ့(၁၈) ဦးစီးအရာရှိ(မြို့ပြ) နီနီလှိုင် လက်မှတ် ရေးထိုးထားကာ ညွှန်ကြားစာပေးပို့ ဖယ်ရှားခိုင်းခြင်းဖြစ်ကြောင်း သိရသည်။




စစ်ကောင်စီ၏ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့သည် လမ်းဧရိယာကို တပါတည်းတိုင်းတာပြီး ဖြိုဖျက် ဖယ်ရှားပေးရမည့်နေအိမ်နှင့် ဆိုင်ခန်းများကို ဆေးဖျန်းမှတ်သားထားခဲ့ကြောင်း နောက်ထပ်ဆိုင်ပိုင်ရှင်တစ်ဦးက ဆက်ပြောသည်။

"ဖြိုဖျက်ဖယ်ရှားပေးရမယ့် နေရာတွေကိုပါ တခါတည်း ဆေးနဲ့မှတ်သားသွားကြပါတယ်။ ကျွန်တော့်မှာ ဆိုင်ခန်းထက်ဝက်လောက်ထိပါနေတယ်" ဟု ပြောသည်။

စက်တင်ဘာလ ၁၁ ရက်မနက်ပိုင်းကလည်း စစ်ကောင်စီ၏ဌာနဆိုင်ရာပူးပေါင်းအဖွဲ့သည် ပန်းတောင်း-တောင်ကုတ်လမ်းမကြီးဘေး သိမ်တောင်ရပ်ကွက်ရှိနေအိမ်နှင့်ဆိုင်ခန်းများကို လမ်းဧရိယာမှ ပေကြိုးဆွဲတိုင်းတာကာ ဖယ်ရှားပေးရမည့်နေရာများကို မှတ်သားခဲ့ကြောင်း ဖုန်းရောင်းဝယ်ရေး ဆိုင်ပိုင်ရှင်အမျိုးသားတစ်ဦးက ပြောသည်။

"သူတို့အဖွဲ့လာပြီးတော့ လမ်းဗဟိုကနေဆိုင်ခန်းတွေဘက်ကို ပေကြိုးနဲ့တိုင်းတယ်။ ဖျက်ပေးရမယ့်နေရာကိုအမှတ်သားလုပ်ခဲ့ကြတယ်။ ကျွန်တော်တို့ဆိုင်ခန်းဆို အကုန်နီးပါး ပါသွားတယ်" ဟု ပြောသည်။

အလားတူ ယမန်နေ့ စက်တင်ဘာလ ၁၂ ရက်၊ ညနေ ၃ နာရီခန့်ကလည်း ပန်းတောင်း-တောင်ကုတ်လမ်းမကြီးဘေး ကံပိုင်ရပ်ကွက်သို့လာရောက်ကာ ဖယ်ရှားပေးရမည့်နေအိမ်များကို ဆေးဖျန်းမှတ်သားခဲ့ကြောင်း နေအိမ်ပိုင်ရှင်များက ပြောသည်။

ယခုကဲ့သို့ လုံလောက်သည့် အချိန်ကာလတခုပင်သတ်မှတ်မပေးဘဲ ၁၇ ရက်အတွင်း ဖယ်ရှားခိုင်းသည်မှာ မဖြစ်နိုင်ကြောင်း၊ မိုးတွင်းကာလဖြစ်သည့်အတွက် နေအိမ်နှင့် ဆိုင်ခန်းများ ဖြိုဖျက်ပေးလိုက်ရလျှင် နေထိုင်စရာမရှိဖြစ်မည်ကို အိမ်ပိုင်ရှင်များက စိုးရိမ်နေကြသည်။

နေအိမ်ဖယ်ရှားပေးရမည့် ကံပိုင်ရပ်ကွက်က အမျိုးသမီးတစ်ဦးက "ကျွန်မတို့အိမ်ဆို အိမ်ရှေ့ခန်း အကုန်လုံးဖြိုပေးရမယ်လို့ ဆေးမှတ်ထားခဲ့တယ်။ အခုလိုမိုးတွင်းကြီးမှာ ဘယ်လိုဖြိုဖျက်လို့ရမှာလဲ။ နေစရာမရှိဖြစ်သွားနိုင်ပါတယ်။ အစိုးရအနေနဲ့ ငဲ့ညှာစေချင်ပါတယ်" ဟု ပြောသည်။

ယခုစစ်ကောင်စီကညွှန်ကြားချက်အတိုင်းဆိုလျှင် ပန်းတောင်း-တောင်ကုတ်လမ်းမကြီးတစ်လျှောက်ရှိ စားသောက်ဆိုင်၊ ကုန်စုံဆိုင်၊ ပျံကျဈေးဆိုင်ခန်းငယ်များအပါဝင် နေအိမ်များ ထောင်ချီဖြိုဖျက် ဖယ်ရှားပေးရနိုင်ကြောင်း မြို့ခံများက နိရဥ္စရာသို့ပြောသည်။

အဆိုပါပန်းတောင်း-ကုတ်လမ်းမကြီးသည် မြို့တွင်းဧရိယာ ၄ မိုင်ဝန်းကျင်ရှိပြီး သိမ်တောင်၊ ကံပိုင်၊ ဂူတာနှင့် ချောင်းကောက်ရပ်ကွက်တို့မှလည်း အဆိုပါလမ်းနှင့်ထိစပ်နေသည်။

အဆိုပါလမ်းဘေးတစ်လျှောက် တောင်ကုတ်မြို့တော်ခန်းမ၊ ဟိုတယ်နှင့်တည်းခိုခန်းများ၊ စစ်ကောင်စီဌာနဆိုင်ရာရုံးများ၊ စာသင်ကျောင်း၊ စားသောက်ဆိုင်၊ ကုန်စုံဆိုင်၊ ဖုန်းနှင့်လျှပ်စစ်ပစ္စည်း အရောင်းဆိုင်နှင့် ပျံကျစျေးဆိုင်များ နေအိမ်များနှင့်ဆိုလျှင် အဆောက်အဦပေါင်း ထောင်ချီနီးပါးရှိကြောင်း မြို့ခံများက ပြောသည်။

ဖုန်းရောင်းဝယ်ရေးဆိုင်ပိုင်ရှင်အမျိုးသားက "သူတို့ဌာနဆိုင်ရာရုံးတွေကိုလည်း တိုင်းတာခဲ့တာတော့ ရှိပါတယ်။ သူတို့ရုံးတွေကိုရော ဖြိုဖျက်ဖယ်ရှားမလားဆိုတာ မသိနိုင်ပါဘူး" ဟု ပြောသည်။

မြို့တော်ခန်းမ၊ ယာဉ်ထိန်းရဲရုံး၊ စာသင်ကျောင်းများနှင့် ဘာသာရေးအဆောက်အအုံများတွင် ဖြိုဖျက်ရမည့်သင်္ကေတဖြစ်သည့် ဆေးဖျန်းမှတ်ထားမှုများမရှိဟု မြို့ခံများက ပြောသည်။ (NN-23)

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!