အင်္ဂါ၊ မေလ ၁၄ရက်၊ ၂၀၂၄

ရန်ကုန်တွင် Grade 11 တက်နေသည့် ရခိုင်ကျောင်းသား ၁ ဦး ၄ ရက်တိုင်ပျောက်ဆုံးနေ


  • ရေးသူ: Web Master (NN 12)
  • | ရက်စွဲ: ၁၄ စက်တင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 737

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်မှ ရန်ကုန်တွင်ကျောင်းတက်နေသည့် Grade 11 ကျောင်းသား ၁ ဦးမှာ ၄ ရက်တိုင်ပျောက်ဆုံးနေသည်ဟု မိသားစုဝင်များက ပြောသည်။

ပျောက်ဆုံးနေသည့် ကျောင်းသားမှာ မြောက်ဦးမြို့နယ်၊ တန်းပျင်းကြီးကျေးရွာမှ အသက်(၁၈)နှစ်အရွယ် မောင်မင်းဦးအောင်ဖြစ်သည်ဟု သိရသည်။

သူသည် ပြီးခဲ့သည့် စက်တင်ဘာလ ၁၁ ရက်နေ့၊ နေ့လယ် ၁ နာရီက သူနေထိုင်ရာ ရန်ကုန်မြို့၊ အရှေ့ဒဂုံ(၁၃)ရပ်ကွက်၊ ရှင်ထွေးညိုလမ်းရှိ အောင်သစ္စာဘုန်းတော်ကြီးကျောင်းမှ ကျူရှင်သို့ သွားရာတွင် ပျောက်ဆုံးသွားခြင်းဖြစ်သည်ဟု ဦးလေးတော်စပ်သူ ဆရာတော်ဦးခန္တီက မိန့်သည်။

"အဲ့ဒီနေ့ကနေပျောက်နေတာ ဒီနေ့ထိအဆက်အသွယ်မရသေးပါဘူး။ ဆရာတော်က အဲ့ဒီနေ့မတိုင်ခင် သူ စာမကျက်တာနဲ့ ပတ်သတ်ပြီး ဆူလိုက်မိတာရှိတယ်။ ၁၁ ရက်နေ့လည်း ရောက်ရော ကျူရှင်သွားရာကနေပျောက်သွားပါတယ်။ ကျူရှင်ကို ဖုန်းဆက်မေးကြည့်တော့လည်း အဲ့နေ့က ကျူရှင်ကိုမရောက်ဘူးလို့ သိရတယ်" ဟု မိန့်သည်။

မောင်မင်းဦးအောင်မှာ စက်တင်ဘာလ ၁၁ ရက်နေ့ ညနေ ၄ နာရီခန့်က သူနေထိုင်ရာဘုန်းတော်ကြီး ကျောင်းအနီးရှိ အသိအိမ်တွင် သူ့၏ကျောပိုးအိတ်နှင့်စက်ဘီးကို ပြန်ထားလာခဲ့ပြီး ကျောင်းသို့ ပြန်ရောက်လာခြင်းမရှိတော့ဟု သိရသည်။

ယင်းအပြင် ပြီးခဲ့သည့် စက်တင်ဘာလ ၁၂ ရက်နေ့ကလည်း အဆိုပါအသိအိမ်သို့ပြန်လာကာ ဦးလေးတော်စပ်သူ ဆရာတော်ဦးခန္တီက သူ့အားစိတ်ဆိုးပြီး ရှာဖွေနေလားဟု မေးမြန်းခဲ့ပြီးနောက် သူငယ်ချင်းတစ်ယောက်အိမ်တွင် တည်းခိုနေသည်ဟု အသိပေးခဲ့ကာ ပြန်၍ ထွက်ခွာသွားခဲ့သည်ဟု သိရသည်။

ဆရာတော် ဦးခန္တီက "၁၂ ရက်နေ့ကနေ ဒီနေ့ထိ လုံးဝအဆက်အသွယ်လည်း မရဘူး။ သူငယ်ချင်းအိမ်မှာပဲ ရှိနေလား။ ဘယ်ရောက်နေလဲမသိရဘူး။ အခု ရွာက သူ့မိဘတွေလည်း ကျောင်းကိုရောက်နေကြတယ်။ စိတ်ပူနေကြပါတယ်" ဟု မိန့်သည်။

မောင်မင်းဦးအောင်မှာ ဦးလေးတော်စပ်သူ ဆရာတော်ဦးခန္တီ၏ အောင်သစ္စာဘုန်းတော်ကြီးကျောင်းတွင် နေထိုင်လျက် ရန်ကုန်မြို့ရှိ Success ကိုယ်ပိုင်ကျောင်းတွင် ပညာသင်ကြားနေသူဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်ကလည်း မင်းပြားမြို့နယ်၊ မေလွမ်းကျေးရွာမှ Grade 10 အတွဲ(၇) ဝိဇ္ဇာဘာသာတွဲကို ရန်ကုန်တွင်ပညာသင်ယူနေသည့် အသက် (၁၄)နှစ်အရွယ် မလင်းလဲ့ရွှေရည်မှာ ရန်ကုန်တိုင်းဒေသကြီး၊ ထောက်ကြန့်မြို့နယ်၊ မြောက်ပိုင်းရပ်ကွက်၊ အောင်သပြေ (၅)လမ်းတွင် အဒေါ်ဖြစ်သူနှင့်နေထိုင်ရာ အိမ်တွင်လူမရှိခိုက် တစ်ယောက်တည်းထွက်လာရာမှ ပျောက်ဆုံးသွားခဲ့သည်။

ယင်းနောက် ဇူလိုင်လ ၂၅ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ အိုးတန်းရပ်ကွက်၊ ဇေယျာသီရီ (၂)လမ်းရှိ ဒေါ်မြင့်မြင့်မူက လမ်းပျောက်၍ ခေါ်ယူထားရာမှ မိသားစုများကို အသိပေးလာသည့်အတွက် ပြန်ရှာတွေ့ခဲ့သည်။

ဓာတ်ပုံ - ပျောက်ဆုံးနေသည့် မောင်မင်းဦးအောင်အားတွေ့ရစဉ်

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!