စနေ၊ မေလ ၁၁ရက်၊ ၂၀၂၄

ကမ္ဘာ့ရေဝပ်ဒေသနှင့် အဏ္ဏဝါအမျိုးသားဥယျာဉ်အဖြစ်သတ်မှတ်ထားသည့် နံ့သာကျွန်း ထိန်းသိမ်းစောင့်ရှောက်မှုကင်းမဲ့နေ၍ ယိုယွင်းပျက်စီးလာနေ


  • ရေးသူ: Web Master (NN 07)
  • | ရက်စွဲ: ၂၇ စက်တင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 790

ကမ္ဘာ့ရေဝပ်ဒေသထိန်းသိမ်းရေးနယ်မြေနှင့်မြန်မာနိုင်ငံ၏ဒုတိယမြောက်အဏ္ဏဝါအမျိုးသားဥယျာဉ်အဖြစ်သတ်မှတ်ခံထားရသည့်ရခိုင်ပြည်နယ်ရှိနံ့သာကျွန်းကိုထိန်းသိမ်းစောင့်ရှောက်မှုမရှိ၍လက်ရှိတွင်အဖက်ဖက်ကယိုယွင်းပျက်စီးလာနေကြောင်းဇီဝမျိုးစုံမျိုးကွဲနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးဥက္ကဋ္ဌကိုရန်နောင်စိုးကနိရဥ္စရာကိုပြောသည်။

"အခုလိုပဲ ဟိုဖက်ကသဲတူး၊ ဒီဖက်မှာလည်း ကျားပိုက်တွေက အများကြီး၊ နောက် ငှက်ပစ် တာတွေကလည်း ရှိယ်။ နှစ်စဉ်နှစ်တိုင်းဆိုရင် အဲ့ဒီကျွန်းက ဘယ်ကျန်ပါတော့မလဲ။ သဘာဝဘေးအန္တရာယ်ကလည်း ရှိသေးတယ် စနစ်တကျ မထိန်းသိမ်းရင် နောက်ထပ် သုံး၊ လေးနှစ်အတွင်းမှာဘဲ ဒီကျွန်းပြိုပျက်သွားနိုင်ပါတယ်" ဟု ပြောသည်။

နံ့သာကျွန်းသည် ရေမြေဧက ၂၂,ဝဝဝ ကျော်ကျယ်ဝန်းပြီး ရခိုင်ပြည်နယ် စစ်တွေမြို့နယ်၏ အနောက်မြောက်ဘက် (၁၀)မိုင်အကွာ၊ ရသေ့တောင်မြို့နယ်ရှိ မေယုမြစ်ဝနှင့် ဘင်္ဂလား ပင်လယ်အော်ထဲတွင် တည်ရှိသည်။

နံ့သာကျွန်းသည် ရေဝပ်ဒေသအချက် ချက်ဖြင့်ပြည့်စုံသည့်အတွက် ကမ္ဘာအနှံ့အပြားမှ ရေဝပ်ဒေသများကို ထိန်းသိမ်းကာကွယ်ရန် ဖွဲ့စည်းထားသည့် Ramsar အဖွဲ့၏ ရေဝပ်ဒေသထိန်းသိမ်းရေးနယ်မြေအဖြစ်လည်း ၂၀၂၀ ပြည့်နှစ်၊ မေလ၂၁ ရက်တွင် သတ်မှတ်ခြင်း ခံထားရသော ကျွန်းတစ်ကျွန်းဖြစ်သည်။

အဆိုပါကျွန်းကို ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းကာကွယ်ရန်အလို့ငှာ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက "နံ့သာကျွန်း အဏ္ဏဝါအမျိုးသားဥယျာဉ်" အဖြစ် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၁ ရက် နေ့စွဲဖြင့် သတ်မှတ်ထားသည့် ကျွန်းတစ်ကျွန်းဖြစ်သည်။

လက်ရှိမှာ ကျွန်းကို "အဏ္ဏဝါအမျိုးသားဥယျာဉ်" အဖြစ်သတ်မှတ်ပြီး တစ်နှစ်ကျော်ကြာသည့်တိုင် အစိုးရ ဌာနဆိုင်ရာများက တစ်စုံတစ်ရာ ထိန်းသိမ်းကာကွယ်ခြင်းမရှိဘဲ မသမာသူများက ကျွန်းတွင် သဲတူး၊ ငှက်ပစ်၊ ကျားပိုက်ချခြင်းများ နေ့စဉ် လုပ်ဆောင်နေကြသည်ဟု ကိုရန်နောင်စိုးက ပြောသည်။



"အဏ္ဏဝါအမျိုးသားဥယျာဉ်တစ်ခု သတ်မှတ်လိုက်ပြီဆိုရင် အစိုးရက တရားဝင်သတ်မှတ်တာပါ။ တရားဝင်သတ်မှတ်တဲ့အတွက် သူတို့မှာ Management Plan  စီမံကိန်းတွေ ချပြီး သူတို့ လုပ်ရမယ်လေ။ ဝန်းကျင်/သားငှက်(သဘာဝဝန်းကျင်နှင့် သားငှက်တိရစ္ဆာန်ထိန်းသိန်းရေးဌာန)က လာလုပ်ရမယ်။ ဒါတွေ သူတို့သိပြီးသားပါ။ ဘယ်သူမှမလုပ်ပေးတဲ့အတွက် အစ်ကိုတို့ကတော့ ငှက်တွေ၊ အဲ့ဒီကျွန်းမှာရှိနေတဲ့ မျိုးစိတ်တွေကို အဖွဲ့အစည်းတစ်ခုအနေနဲ့ တတ်နိုင်သလောက် လုပ်ပေးနေတာပါ။ မီဒီယာကတဆင့်လည်း ပြောပြပေးတယ်။ ဒါပေမယ့်လည်း အခုထိ ဘာမှလုပ်လာတာ မတွေ့ရသေးဘူး"ဟု ဆက်ပြောသည်။

ယခုကိစ္စများနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်ကောင်စီ သယံဇာတရေးရာဝန်ကြီး ဦးသန်းထွန်းကို နိရဥ္စရာက ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။

အဆိုပါကျွန်းတွင် တစ်ကမ္ဘာလုံး၌ မျိုးသုဉ်းလုနီးပါးအန္တရာယ်ရှိနေသော ရေညှောင့်နှုတ်ဝိုင်းငှက်များ အများဆုံးလာရောက်ဆောင်းခိုလေ့ရှိပြီး နှုတ်တိုရှည်ငှက်နှင့် နော်မန်ခြေစိမ်းငှက် အစရှိသော ရွှေ့ပြောင်းငှက်မျိုးစိတ်များနှင့် ဌာနေငှက်များအပါအဝင် ပင်လယ်လိပ်မျိုးများ၊ ဧရာဝတီလင်းပိုင်၊ ရေနေသတ္တဝါများ ကျက်စားရာ ကျွန်းဖြစ်သည်။

မိုခါမုန်တိုင်းတိုက်ခတ်ပြီးနောက် ကျွန်းရှိ ဒီရေတောများသည်လည်း ပျက်စီးကုန်သည့်အပြင် ငှက်မျိုးစိတ်များ၏ စားကျက်နေရာများလည်း ပျက်စီးသွားသည့်အတွက် လက်ရှိမှာ အရေးတကြီး ထိန်းသိမ်းစောင့်ရှောက်ရန်လိုအပ်နေခြင်း ဖြစ်သည်။  (NN-7)

ဓာတ်ပုံ - ကိုရန်နောင်စိုး

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!