ကြာသပတေး၊ မေလ ၉ရက်၊ ၂၀၂၄

တောင်ကုတ်တွင် အင်အားသုံးဖြိုဖျက်ခံခဲ့ရသည့် အိမ်ပိုင်ရှင်များ၌ တရားရုံးမှ မြေယာအမှု အနိုင်ရရှိခဲ့သူများပါဝင်နေ


  • ရေးသူ: Web Master (NN 23)
  • | ရက်စွဲ: ၂၆ အောက်တိုဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 623

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့တွင် စစ်ကောင်စီက အင်အားသုံးဖြိုဖျက်ခဲ့သည့် နေအိမ်ပိုင်ရှင်များထဲတွင် မြေယာအမှုဖြင့် တရားရုံးမှအနိုင်ရရှိထားခဲ့ကြသူများပါဝင်နေကြောင်း သိရသည်။

အင်အားသုံးဖြိုဖျက်ခဲ့သည့်နေအိမ်များမှာ တောင်ကုတ်မြို့၊ ကိုင်းရှည်ရပ်ကွက်၊ တာဝတိံသာလမ်းမှ နေအိမ် ၇ လုံးဖြစ်ပြီး အောက်တိုဘာလ ၂၂ ရက်၊ မနက်ပိုင်းက စက်ယန္တရားများအသုံးပြု၍ ဖြိုဖျက်ဖယ်ရှားခံခဲ့ရခြင်းဖြစ်သည်။

အဆိုပါနေအိမ်ပိုင်ရှင်များကို စည်ပင်သာယာမြေတွင် ကျူးကျော်ဆောက်လုပ်ထားသည်ဟုဆိုကာ ပြီးခဲ့သည့် ၂ဝ၂၂ ခုနှစ်တွင် စည်ပင်အရာရှိဦးမောင်စိန်က စည်ပင်သာယာဥပဒေပုဒ်မ ၈၂ ဖြင့် တရားလိုလုပ်တိုင်တန်း၍ တောင်ကုတ်မြို့နယ် တရားရုံးတွင်အမှုရင်ဆိုင်ပြီး အနိုင်ရရှိခဲ့သော်လည်း စစ်ကောင်စီက အင်အားသုံးဖြိုဖျက်ခဲ့ခြင်းဖြစ်ကြောင်း နေအိမ်ပိုင်ရှင်များက ပြောသည်။

နိရဥ္စရာသတင်းဌာနက ရရှိထားသည့် တောင်ကုတ်မြို့နယ်တရားရုံး၏ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက် နေ့စွဲပါ အမိန့်စာတစ်စောင်တွင် နေအိမ်ပိုင်ရှင်များထဲမှ ဒေါ်ညိုတင်အပါအဝင်သုံးဦးခန့်ကို စည်ပင်သာယာရေးဥပဒေပုဒ်မ ၈၂ ကို ကျူးလွန်ကြောင်းမတွေ့ရှိရသဖြင့် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၂၅၈(၁)အရ အမှုမှ အပြီးအပြတ်လွတ်ကြောင်း အမိန့်ချမှတ်ထားသည်။

နေအိမ်ပိုင်ရှင်တစ်ဦးဖြစ်သူဒေါ်ညိုတင်က "တရားရုံးကလည်း တရားဥပဒေအရ အနိုင်ရထားတာပါ။ ကျွန်မတို့မှာ တရားရုံးအမိန့်စာတွေအားလုံး အထောက်အထားရှိပါတယ်။ တရားရုံးကအမှုနိုင်ထားတာကို အခုလိုလုပ်တာက မတရားပါဘူး။ ကျွန်မတို့မှာနေစရာလည်းမရှိတော့ဘူးအခု" ဟု နိရဥ္စရာသို့ပြောသည်။

ဖြိုဖျက်ခံလိုက်ရသည့် နေအိမ်များမှာ ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ်ခန့်ကပင် စည်ပင်အဖွဲ့ကကောက်ခံသည့် အခွန်ကြေးများကို နှစ်စဉ်နှစ်တိုင်းပေးဆောင်လာကြောင်း ဒေါ်ညိုတင်က ပြောသည်။

"စည်ပင်ကကောက်တဲ့ အခွန်ကြေးတွေလည်း နှစ်တိုင်းဆောင်လာတယ်။ စာရွက်စာတမ်းတွေလည်း သက်သေရှိပါတယ်။ အဲဒီလိုနှစ်တိုင်းအခွန်လည်းဆောင်လာပြီးမှ အခုမှကျူးကျော်လို့ပြောပြီး အိမ်တွေကိုဖြိုပစ်လိုက်တယ်" ဟု သူမကပြောသည်။

အောက်တိုဘာလ ၂၂ ရက်၊ မနက်ပိုင်းတွင် အဆိုပါနေအိမ် ၇ လုံးကို တောင်ကုတ်မြို့စည်ပင်သာယာဦးစီး ဦးမောင်စိန်ကဦးဆောင်၍ မီးသတ်၊ စည်ပင်အဖွဲ့ဝင်များ စက်ယန္တရားမောင်းသည့် အလုပ်သမားများက ဘက်ဟိုးဖြင့် ထိုးဖျက်ဖယ်ရှားခဲ့ခြင်းဖြစ်သည်။

နေအိမ်များကိုအင်အားသုံးမဖယ်ရှားခင် အောက်တို ဘာလ ၂၀ ရက်၊ ညနေ ၃ နာရီအချိန်က စည်ပင်ရုံးသို့နေအိမ်ပိုင်ရှင်များကိုခေါ်ယူခဲ့ပြီး စာရွက်ဗလာတစ်ခုတွင် အစည်းအဝေးရောက်ရှိကြောင်း လက်မှတ်ထိုးခိုင်းခဲ့ကြောင်း၊ ယင်းနောက် အဆိုပါစာရွက်တွင် "နေအိမ်များဖြိုဖျက်ပေးရန် နေအိမ်ပိုင်ရှင်များက သဘောတူသည်" ဟု ပြန်လည်ဖြည့်စွက်ကာ ပြည်နယ်စစ်ကောင်စီထံသို့ တင်ခဲ့သည်ဟုလည်း နေအိမ်ပိုင်ရှင်များက ပြောဆိုကြသည်။

နောက်ထပ်နေအိမ်ပိုင်ရှင်အမျိုးသမီးတစ်ဦးက "အဲဒီလက်မှတ်ထိုးတဲ့ စာရွက်မှာ ဘာမှမပါပါဘူး။ နောက်မှ အဲဒီစာရွက်မှာ သူတို့က စာတွေပြန်ဖြည့်ပြီး ကျွန်မတို့က အိမ်ဖျက်ဖို့သဘောတူကြောင်း လက်မှတ်ထိုးတယ်ဆိုပြီး လုပ်လိုက်ကြတယ်။ကျွန်မတို့ကိုလက်မှတ်လိမ်လည်ထိုးခိုင်းတာပါ" ဟု ပြောသည်။

အဆိုပါမြေနေရာများကို ပြီးခဲ့သည့်ဆယ်နှစ်ခန့်က မြေပိုင်ရှင်တစ်ဦးက ဘိုးဘွားပိုင်မြေဖြစ်သည့်အတွက် ပြန်လည်ရောင်းချခဲ့ရာမှ ဝယ်ယူခဲ့ကြခြင်းဖြစ်ကြောင်း နေအိမ်ပိုင်ရှင်များကပြောသည်။

စစ်ကောင်စီက အင်အားသုံးဖြိုဖျက်နေသည့် နေအိမ်နှင့်ခြံမြေများ၏တန်ဖိုးမှာ ခေတ်ကာလပေါက်ဈေးအရ တစ်အိမ်ကိုကျပ်သိန်း ၁၀၀၀ နီးပါးထိရှိကြောင်း နေအိမ်ပိုင်ရှင်များကပြောသည်။

လက်ရှိတွင် နေအိမ်များဖြိုဖျက်ခံလိုက်ရသည့်အတွက် နေအိမ်ပိုင်ရှင်များမှာ ဆွေမျိုးနီးစပ်အိမ်များတွင် ခိုလှုံနေကြရပြီး နေရေးထိုင်ရေးအထူးခက်ခဲနေကြောင်းလည်း ပြောဆိုကြသည်။

နောက်ထပ်တရားရုံးမှ အမှုနိုင်ထားသည့် ကိုရန်နိုင်က "ကျနော်တို့အိမ်တွေလည်း အကုန်ဖြိုဖျက်လိုက်ကြပြီ။ အခု ဘုန်းကြီးကျောင်းနားမှာ တဲကလေးထိုးပြီးနေရတယ်" ဟု ပြောသည်။

တရားရုံးမှ ဥပဒေအရ အမှုလည်း အနိုင်ရရှိထားခြင်းဖြစ်၍ နေအိမ်များဖြိုဖျက်လျှင် မြေနေရာတစ်ခုအစားထိုးပေးသင့်ကြောင်း နေအိမ်ပိုင်ရှင်များကပြောသည်။

ယခုကဲ့သို့ တရားရုံးမှအမှုအနိုင်ရရှိပြီးသား ပြည်သူများ၏နေအိမ်များကို အင်အားသုံးဖြိုဖျက်ခဲ့မှုနှင့်ပတ်သက်၍ တောင်ကုတ်မြို့စည်ပင်သာယာဦးစီး ဦးမောင်စိန်ကို နိရဥ္စရာကဆက်သွယ်မေးမြန်းခဲ့ရာ "မင်းတို့မေးတာမဖြေနိုင်ဘူး။ မေးချင်ရင် ရုံးကိုလာခဲ့" ဟုပြောဆိုကာ ဖုန်းချသွားခဲ့သည်။

တောင်ကုတ်မြို့၊ ပန်းတောင်း-တောင်ကုတ်လမ်းမကြီးတစ်လျှောက်ရှိ ရာနှင့်ချီသည့် နေအိမ်ဆိုင်ခန်းများကိုလည်း စစ်ကောင်စီက လမ်းဧရိယာ ပေ ၁၅၀ မှလွတ်သည်အထိ အမြန်ဆုံးဖယ်ရှားပေးရန် အမိန့်ထုတ်ညွှန်ကြားထားသည်။

ဓာတ်ပုံ - အောက်တိုဘာ ၂၂ ရက်က စစ်ကောင်စီက စက်ယန္တရားသုံးဖြိုဖျက်နေစဉ်

 

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!