ကြာသပတေး၊ မေလ ၉ရက်၊ ၂၀၂၄

ဖမ်းဆီးခံ DMG သတင်းထောက်ကို နိုဝင်ဘာ ၁၃ ရက်တွင် ပထမဆုံးအကြိမ် ရုံးထုတ်မည်


  • ရေးသူ: Web Master (NN 08)
  • | ရက်စွဲ: ၀၂ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 580

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင်မကြာသေးခင်က ဖမ်းဆီးခံလိုက်ရသည့် Development Media Group (DMG) သတင်းဌာနမှသတင်းထောက်ဖြစ်သူကို လာမည့် နိုဝင်ဘာလ ၁၃ ရက်တွင် ပထမဆုံးအကြိမ်ရုံးထုတ်စစ်ဆေးမည်ဖြစ်ကြောင်း မိသားစုဝင်များက ပြောသည်။

ယင်းနေ့တွင် စစ်တွေမြို့နယ်တရားရုံး၌ ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးသွားမည်ဖြစ်ပြီး ယင်းသို့ ရုံးထုတ်စစ်ဆေးစဥ် ကိုထက်အောင်အား မိသားစုများနှင့်တွေ့ခွင့်ပေးစေလိုသည်ဟု မိသားဝင်တစ်ဦးက နိရဉ္စရာသို့ ပြောသည်။

"
ရုံးထုတ်တဲ့အခါတော့ သူနဲ့တွေ့ချင်တယ်။ တွေ့ခွင့်ပေးစေချင်တယ်။ ဒါမှ သူကျန်းကျန်းမာမာရှိနေလား။ ဘာဖြစ်နေလဲဆိုတာသိရမှာ" ဟုပြောသည်။

သတင်းထောက်ကိုထက်အောင်ကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၅ ဖြင့်အမှုဖွင့်ထားပြီး မည်သူကတရားလိုပြုလုပ်ကာ မည်သည့်အကြောင်းအရင်းကြောင့် အမှုဖွင့်လှစ်ခြင်းကိုမူ မသိရသေးဟု ဆိုသည်။

သတင်းထောက်ကိုထက်အောင်နှင့်အတူ DMG သတင်းဌာနမှ ညစောင့်ဝန်ထမ်း ကိုစိုးဝင်းအောင်တို့ကို ပြီးခဲ့သည့် သီတင်းကျွတ်လပြည့်နေ့ အောက်တိုဘာလ ၂၉ ရက်တွင် စစ်တွေ၌ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ယင်းနှစ်ဦးအနက် သတင်းထောက်ဖြစ်သူကိုထက်အောင်မှာ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၅ ဖြင့်အမှုဖွင့်ခံလိုက်ရခြင်းဖြစ်ပြီး ညစောင့်ဖြစ်သူ၏ လက်ရှိအခြေအနေကိုမူ စုံစမ်းနေဆဲဖြစ်သည်။

ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၅ သည် "မည်သူမဆို ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းကို လုပ်ငန်းလိုင်စင်မရှိဘဲ လုပ်ကိုင်ကြောင်း ပြစ်မှု ထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူအား ငါးနှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်" ဟု မြန်မာဥပဒေသတင်းအချက်အလက်စနစ် ပြဋ္ဌာန်းချက်ရှာဖွေရေးတွင် ရေးထားသည်။

၎င်းတို့နှစ်ဦး ဖမ်းဆီးခံရသည့် အောက်တိုဘာလ ၂၉ ရက်တွင် စစ်တွေမြို့ အမှတ်(၁)ရဲစခန်းတွင် ထိန်းသိမ်းထားခဲ့သော်လည်း နောက်တစ်နေ့ အောက်တိုဘာလ ၃၀ ရက် မနက်တွင်မူ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ)ရုံး သို့ခေါ်ဆောင်စစ်ဆေးခဲ့သည်။

လက်ရှိတွင် ၎င်း DMG သတင်းဌာနမှ ဖမ်းဆီးခံရသည့် ဝန်ထမ်းနှစ်ဦးစလုံးအား စစ်တွေမြို့ အမှတ် (၁)ရဲစခန်းတွင် ထိန်းသိမ်းထားပြီး ၎င်းတို့အတွက် ထမင်း၊ ဟင်းများကို မိသားစုများက ပို့ဆောင်ပေးနေခြင်းဖြစ်ကာ လူချင်းတွေ့ဆုံခွင့်မပေးသေးကြောင်း မိသားစုဝင်များက ပြောသည်။

DMG
သတင်းထောက် ကိုထက်အောက်သည် ပြီးခဲ့သည့်အောက်တိုဘာလ ၂၉ ရက် (သီတင်းကျွတ်လပြည့်နေ) နံနက်ပိုင်းတွင် စစ်တွေမြို့၊ ဝင်္ကပါကွင်း၌ ပြုလုပ်သည့်  ဆွမ်းတော်ကြီးလောင်းပွဲသို့ သတင်းဓာတ်ပုံသွားရောက်ရိုက်ကူးရာတွင် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်။

ယင်းနောက်တွင် စစ်တွေမြို့ရှိ DMG ရုံးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အထူးရဲတပ်ဖွဲ့(SB)အပါအဝင် အင်အားနှစ်ဆယ်ကျော်ခန့်ကာ ဝင်ရောက်စီးနင်းခဲ့ကာ ရုံးရှိ ကင်မရာ၊ ကွန်ပျူတာနှင့်ရုံးဆက်စပ်ပစ္စည်းများကိုပါ သိမ်းယူခဲ့ပြီး ညစောင့်ဝန်ထမ်းကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။

အဆိုပါ DMG ရုံးကိုလည်း ချိတ်ပိတ်သွားခဲ့သည်ဟု ရုံးတာဝန်ရှိသူများက ပြောသည်။

DMG
သတင်းဌာန၏ အယ်ဒီတာချုပ် ဦးအောင်မင်းဦးကို မတရားအသင်း ဥပဒေပုဒ်မ ၁၇ (၂) နှင့် ပြီးခဲ့သည့် NLD အစိုးရလက်ထက် ၂၀၁၉ ခုနှစ်က ရခိုင်ပြည်နယ်အစိုးရ၏ သတင်းရဲတပ်ဖွဲ့က အမှုဖွင့်ထားသည်။

ယင်းအပြင် DMG သတင်းဌာနက တာဝန်ခံအယ်ဒီတာတစ်ဦးနှင့် သတင်းထောက်တစ်ဦးသည်လည်း ၂၀၂၁ ခုနှစ် ဇန်နဝါရီလအတွင်းက ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် အမှုဖွင့်ခံထားရသည်။

ပုံ - သတင်းထောက်ကိုထက်အောင်

 

ဆက်စပ် သတင်းများ