ကြာသပတေး၊ မေလ ၉ရက်၊ ၂၀၂၄

ကျောက်တော်မြို့နယ် နဂူမေကျေးရွာအုပ်စု ရွာ ၄ရွာတွင် WFP ၏ မုန်တိုင်းကယ်ဆယ်ရေးအကူအညီ ဖုန်ညိုလိပ်တစ်ရွာတည်း မရဖြစ်နေ၍ဖြေရှင်းပေးရန်တောင်းဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 585

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊  နဂူမေကျေးရွာအုပ်စုတွင် ကျေးရွာ ၃ ရွာမှ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဥ်(WFP)က မုန်တိုင်းသင့် အကူအညီများကို ရရှိသော်လည်း အိမ်ထောင်စု ၉၅ စုသည် ဖုန်ညိုလိပ်ကျေးရွာမှာ စားနပ်ရိက္ခာ အကူအညီမရဖြစ်နေသဖြင့် ဖြေရှင်းပေးရန် တောင်းဆိုထားသည်ဟု ရွာသားများက ပြောသည်။ 

နဂူမေကျေးရွာအုပ်စုတွင်  ဖုန်ညိုလိပ်၊ ပေါက်လေမြောက်၊ ကုန်းတန်း၊ ကုန်းတန်းမြောက်စသည့် ရွာ ၄ ရွာရှိပြီး ယင်းလေးရွာ အနက် ဖုန်ညိုလိပ် ကျေးရွာတစ်ခုတည်းသာ  ပြန်လည်ထူထောင်ရေးအတွက် WFP က ထောက်ပံ့သည့် စားနပ်ရိက္ခာများကို မရရှိဖြစ်နေခြင်းဟု သိရသည်။

ထိုသို့ စားနပ်ရိက္ခာထောက်ပံ့ကြေးမရရှိသည့်အတွက် နဂူမေကျေးရွာ ဖုန်ညိုလိပ်အပိုင်းမှ ကျေးရွာသားများသည် ယမန်နေ့ နိုဝင်ဘာလ ၁ ရက်တွင် စစ်တွေမြို့ရှိ WFP ရုံးသို့ သွားရောက် တိုင်ကြားခဲ့သည်ဟု ထောက်ပံ့ကြေးမရရှိသည့် ကျေးရွာသားတစ်ဦးက ပြောသည်။

"ရုံးကပြောလိုက်တာတော့ သူတို့စိစစ်ဆောင်ရွက်ပေးမယ်လို့ ပြောပါတယ်။ နဂူမေဖုန် ညိုလိပ်ရွာက အိမ်ခြေစာရင်းတွေလာကောက်သွားတယ်။ ကျန်တဲ့အပိုင်းတွေကျ ထောက်ပံ့ကြေးတွေရရှိပြီးတော့ ကျွန်တော်တို့ရွာက ဘာထောက်ပံ့ကြေးမှမရဘူး။ သူများနဲ့တန်းတူ ကျွန်တော်တို့လည်း ထောက်ပံ့ကြေးတွေ ရချင်ပါတယ်" ဟု ပြောသည်။

၎င်းကျေးရွာသည် မိုခါမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုဖြစ်ခဲ့ရသော်လည်း WFP က ယခင်ကလာရောက်ထောက်ပံ့ခဲ့စဥ်ကလည်း ထောက်ပံ့ကြေးမရရှိခဲ့ဟု ဆိုသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ကျောက်တော်မြို့နယ် WFP ရုံးမှ တာဝန်ရှိသူတစ်ဦးက "ထောက်ပံကြေးကိစ္စတွေကတော့ ရွာရွေးချယ်မှုနဲ့လည်း ဆိုင်တယ်။ ကျွန်တော်တို့ရွေးချယ်တာလည်း မဟုတ်ဘူး။ အထက်ကရွေးချယ်ပြီးမှ ဘယ်ရွာတွေကိုထောက်ပံ့ပေးလို့ ဆိုမှ ကျွန်တော်တို့က ဆောင်ရွက်ရတာပါ" ဟု ပြောသည်။

အဆိုပါဖုန်ညိုလိပ်တွင် အိမ်ထောင်ဟု ၉၅ စု၊ လူဦးရေ ၅၀၀ ကျော်ရှိပြီး မြို့နယ်ထွေ/အုပ်စာရင်းတွင်  တင်ပြသည့် အိမ်ခြေရာနှုန်းမပြည့်၍ ထောက်ပံ့ကြေးမရဖြစ်နေခြင်းဖြစ်သည်ဟု နဂူမေကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်မြသိန်းက ပြောသည်။

နဂူမေ ကျေးရွာအုပ်စုတွင် ရွာ ၄ ရွာရှိပြီး စုစုပေါင်း အိမ်ခြေ ၄၈၀ ကျော်၊ အိမ်ထောင်စု ၄၇၀ စုရှိပြီး ပြီးခဲ့သည့် မေလ ၁၄ ရက်ကတိုက်ခတ်သွားခဲ့သည့် မိုခါမုန်တိုင်းကြောင့် တစ်ရွာလုံးနီးပါး ပျက်စီးဆုံးရှုံးခဲ့ရသည်ဟု သိရသည်။ (NN-12)

ဓာတ်ပုံ - WFP

ဆက်စပ် သတင်းများ