တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

မာန်အောင်အပါအဝင် ရခိုင်ကနေရာ ၄ ခုတွင် ဆောင်းဦးပွဲတော်ကျင်းပမည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 659

မာန်အောင်မြို့ အပါအဝင် ရခိုင်က နေရာ ၄ ခု၌ ခရီးသွားလုပ်ငန်းမြှင့်တင်ရန်အတွက် ဆောင်းဦးပွဲတော်ကို ယခုလတွင် ကျင်းပသွားမည်ဟု သတင်းရရှိသည်။

ဆောင်းဦးပွဲတော် ကျင်းပနိုင်ရေးအတွက် နိုဝင်ဘာလ ၄ ရက်နေ့‌ က မာန်အောင်မြို့နယ် ဘောလုံးကွင်းတွင် တောင်ကုတ်ခရိုင်အုပ်ချုပ်ရေးမှူးနှင့် စီးပွားရေးလုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာများ ပါဝင်သည့် အဖွဲ့တစ်ခုက အစည်းအဝေးပြုလုပ်ခဲ့‌ကြောင်း သိရသည်။

မာန်အောင်ဒေသခံ တစ်ဦးက “ မာန်အောင်မြို့မှာ ပထမဆုံးအကြိမ် ဆောင်းဦးပွဲတော်ကို ၅ ရက်တိုင်တိုင် ကျင်းပမှာ ဖြစ်ပါတယ်။ အဲဒီပွဲတော်ကို ဟိုတယ်ဇုန်ရှိရာ ကအီးကမ်းခြေ သဲသောင်ပြင်မှာ ကျင်းပမှာဖြစ်ပါတယ်။ အဓိက​တော့ ခရီးသွားလုပ်ငန်း တိုးတက်ရေးအတွက် ရည်ရွယ်တာပေါ့။ ဖူဆယ်ဘောလုံးပြိုင်ပွဲ၊ ပြပွဲတွေလည်း ထည့်သွင်းကျင်းပမယ်လို့ သိရပါတယ်” ဟု ပြောသည်။

ယခုပွဲတော်သည် မာန်အောင်မြို့တွင် ပထမဆုံးအကြိမ် ပြုလုပ်မည့် ဆောင်းဦးပွဲတော်ဖြစ်ပြီး စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်မည်ဖြစ်ကြောင်း သတင်းထွက်ပေါ်နေသည်ဟုလည်း အမည်မဖော်လိုသူ တစ်ခြားဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မာန်အောင်သို့ လာရောက်ခြင်းမှာ ရခိုင်လူထုကို စည်းရုံးရန်နှင် ရခိုင်ပြည်အေးချမ်းနေကြောင်းဝါဒဖြန့်ရန်အတွက် ဖြစ်နိုင်သည်ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

" စသုံးလုံးအဖွဲ့နဲ့ခရိုင်မှူးတွေရောက်နေတာ ကြာပြီကြားတယ်။ မာန်အောင်မှာ ဆောင်းဦးပွဲတော်က ဒါပထမဆုံးပါပဲ။ အဓိကတော့ ရခိုင်လူထုကို စည်းရုံးရေးဘဲထင်ပါတယ်"ဟုပြောသည်။

ယခုကဲ့သို့ ဒေသခံ တစ်ဦးက စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ​ဆောင်းဦးပွဲတော်သို့ တက်ရောက်မည်ဟု ပြောသော်လည်း နိရဉ္စရာသတင်းဌာနအနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါ။

ရခိုင်ပြည်နယ်တွင် ဆောင်းဦးပွဲတော်ကို မာန်အောင် အပါဝင် စစ်တွေ၊ ကျောက်ဖြူ၊ ငပလီ (သံတွဲ) တို့တွင် ကျင်းပသွားမည်ဟု သိရသည်။

သံတွဲ ငပလီကမ်းခြေတွင် ကျင်းပမည့် ဆောင်ဦးပွဲတော်အတွက် စျေးရောင်းချကြမည့် စျေးဆိုင်များအားဆိုင်ခန်းနေရာများအား  စတင်ရောင်းချနေပြီဟု သတင်းရရှိသည်။ (NN-11)

ပုံစာ- မာန်အောင်မြို့နယ်ရှိ ကအီကမ်းခြေ

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!