ကြာသပတေး၊ မေလ ၉ရက်၊ ၂၀၂၄

ရခိုင်တွင် ဗုံးခိုကျင်း ပြုလုပ်မှုများပြားလာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1k

ရခိုင်ပြည်နယ်တွင် ကျေးရွာများသာမက မြို့ပေါ်များတွင်ပါ ဗုံးခိုကျင်းပြုလုပ်မှုနှင့် ရိက္ခာများစုဆောင်းမှုများကို ယခုရက်ပိုင်းအတွင်း ပိုမိုလုပ်ဆောင်လာကြသည်ဟု သတင်းရရှိသည်။

တချို့ဒေသများတွင် မိမိသဘောဖြင့် မိမိ ဗုံးခိုကျင်းများကို နေအိမ်များအတွင်း ပြုလုပ်မှုများရှိသလို တချို့ဒေသများတွင် ကျေးရွာများတွင် တာဝန်ကျနေသည့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA)မှ အဖွဲ့ဝင်များ၏ ညွှန်ကြားချက်ကြောင့် ပြုလုပ်နေမှုများလည်း ရှိနေသည်ဟု ဒေသခံများက ပြောဆိုသည်။

ရသေ့တောင်မြို့နယ်ရှိ မေယု(မယူ)ကမ်းဒေသတွင် ဗုံးခိုကျင်းများကို အမြန်ဆုံး ပြုလုပ်ကြရန် ULA တာဝန်ရှိသူများက ကျေးရွာများအား ညွှန်ကြားထားသည်ဟု ဒေသခံတစ်ဦးက နိရဉ္စရာသတင်းဌာနကို ပြောသည်။

"ဗုံးခိုကျင်းတွေလည်း အမြန်တူးခိုင်းပါတယ်။ ရိက္ခာတွေကအစ စုခိုင်းတယ်။ တပ်တော်ဘက်ကလည်း ဝိုင်းဝန်းစီစဉ် ကူညီပေးနေကြတာတော့ ရှိပါတယ်"ဟု ပြောသည်။

တိုက်ပွဲများဖြစ်လာမည်/မဖြစ်လာမည်ကို တတ်အပ်မသိသော်လည်း ကြိုတင် ပြင်ဆင်ထားခြင်းက ကောင်းသည်ဟု ယူဆသဖြင့် ရခိုင်ပြည်သူများအနေဖြင့် မိမိနေထိုင်ရာ အိမ်ခြံထဲရှိ သင့်တော်နေရာတစ်ခုတွင် ဗုံးခိုကျင်းများ တူးဖော် လုပ်ဆောင်နေကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ရသေ့တောင်မြို့နယ်သည် ယခင်စစ်ပွဲတုန်းကလည်း တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ပြီး အရပ်သားသေဆုံးမှုများခဲ့သော မြို့နယ်တစ်ခုဖြစ်သဖြင့် လက်ရှိတွင် ကျေးရွာများတွင်သာမက မြို့ပေါ်တွင်လည်း ဗုံးကျင်းများလုပ်ဆောင်မှုများ ရှိနေသည်ဟု ဆိုသည်။   

ကျောက်တော်မြို့နယ်တွင်လည်း ULA က ကျေးရွာများကိုညွှန်ကြားထားသဖြင့် ဗုံးခိုကျင်းများကို အိမ်တိုင်းလိုလို တူးနေကြသည်ဟု ကျောက်တော်မြို့နယ်၊ ဝင်စုကျေးရွာမှ ဒေသခံတစ်ဦးက နိရဉ္စရာကိုပြောသည်။

"ဗုံးခိုကျင်း သုံးရက်နဲ့ အပြီးတူးခိုင်းတယ်။ လမ်းတွေပိတ်လာနိုင်လို့ ရိက္ခာငါးလစာ စုခိုင်းတယ်။ ကျနော်တို့ က တပ်တော်က ပြောစကားကို နားထောင်ရမယ်ခုချိန်မှာ ဆိုပြီး ဗုံခိုကျင်းတူးနေကြပါတယ်" ဟုပြောသည်။

ယခုလို အရေးကြီးသည့်အချိန်အခါတွင် တချို့ ဝိသမလောဘသားများက ကုန်ဈေးနှုန်းကို စျေးတင်ရောင်းချမှုများ ရှိသဖြင့် ဆင်းရဲသူ ဆင်းရဲသားများကို ငဲ့ညှာသောအားဖြင့် တားမြစ်ပေးစေလိုသည်ဟု စစ်တွေမြို့နယ်၊ ကျေးတောရွာမ ကျေးရွာမှ အမျိုးသမီးတစ်ဦးက နိရဉ္စရာကိုပြောသည်။

"ကျမတို့လည်း လမ်းပိတ်မယ်ကြားထားတယ်။ ဆန်တွေလည်း ဈေးတက် အကုန်ဈေးတက်တယ်။ ပြောရမယ်ဆိုရင် ပစ္စည်းအကုန်နီးပါးပါမယ်။ ပြည်သူတွေ ခုလိုအရေးကြီးချိန်မှာ စီးပွားရေးသမားတွေဈေးမကစားသင့်ဘူး။ သက်ဆိုင်ရာ အေအေတာဝန်ရှိသူတွေက တားမြစ်ပေးစေချင်ပါတယ်"ဟု ပြောသည်။

ယင်းသို့ရိက္ခာများ ဝယ်လာမှု များပြားလာခြင်းကြောင့် ကုန်ဈေးနှုန်းများလည်း ယခင်ကထက် တစ်ဆခန့် တက်လာသည်ဟု ဒေသခံများကပြောသည်။

လက်ရှိ ရခိုင်တွင် အပစ်ရပ်၍ ငြိမ်းချမ်းနေသော်လည်း မြန်မာနိုင်ငံ ကချင်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် စစ်ကိုင်းတိုင်းတို့၌ ဖြစ်ပွားနေသော စစ်ပွဲများတွင် ရက္ခိုင့်တပ်တော်က မဟာမိတ်တပ်ဖွဲ့ဝင်များနှင့် လက်တွဲတိုက်ပွဲဝင်နေသဖြင့် ၎င်းစစ်ပွဲများ ရခိုင်သို့ထိ ကျယ်ပြန့်လာနိုင်သည်ဟု ပြောဆိုသုံးသပ်မှုများလည်း ထွက်ပေါ်နေသည်။

၎င်းပြင် စစ်ကောင်စီတပ်ကလည်း ရခိုင်ပြည်နယ်အနှံ့  လက်နက်ကြီး၊ လက်နက်ငယ် စမ်းသပ်ပစ်ခတ်မှုများ အပါအဝင် စစ်ရေးလှုပ်ရှားမှုများကို တိုးမြှင့်လုပ်ဆောင်နေသဖြင့် တိုက်ပွဲများ ပြန်ဖြစ်လာမည်ကို ဒေသခံပြည်သူများ အကြား စိုးရိမ်ပူပန်မှုရှိနေကြသည်ဟု စုံစမ်းသိရှိရသည်။

လက်ရှိ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် စတင်နေသည့် Operation ၁၀၂၇ စစ်ဆင်ရေး သည် ရခိုင်သို့ စတင်ကူး စက်လာနေပြီဟုလည်း ညီနောင် မဟာမိတ်သုံးဖွဲ့ (MNDAA+TNLA+AA)က နိုဝင်ဘာ ၈ ရက်တွင် ထုတ်ပြန်ထားသည်။ (NN-11)

ဓာတ်ပုံ - ကျောက်တော်မြို့နယ်အတွင်း ကျေးရွာတစ်ခုတွင် ဗုံးခိုကျင်းများတူးထားမှုကိုတွေ့ရစဉ်

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!