ကြာသပတေး၊ မေလ ၉ရက်၊ ၂၀၂၄

ကျပ်သိန်း ၁၉၀၀ ဖိုးရှိ ရွှေထည်များခိုးယူမှုဖြင့် စွပ်စွဲဖမ်းဆီးခံထားရသူ ရခိုင်အမျိုးသမီးအမှုတွင် တရားလိုအား စတင်စစ်ဆေး


  • ရေးသူ: Web Master (NN 09)
  • | ရက်စွဲ: ၁၀ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 682

ရန်ကုန်တိုင်း၊ တာမွေမြို့နယ်ရှိ 29 (တူးနိုင်း) ရွှေဆိုင်မှ ကျပ်သိန်း ၁၉၀၀ ဖိုးရှိ ရွှေများ ခိုးယူမှုဖြင့် စွပ်စွဲ ဖမ်းဆီးခံထားရသော ရခိုင်အမျိုးသမီးအမှုတွင် တရားလိုပြသက်သေအား စတင်စစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါအမျိုးသမီးအမှုတွင် 29 (တူးနိုင်း) ရွှေဆိုင်ဘက်မှ တရားလိုပြသက်သေ မန်နေဂျာ ဦးမျိုးကိုကိုအောင်ကို တာမွေမြို့နယ်တရားရုံး၌ ယနေ့ နိုဝင်ဘာ ၁၀ ရက်၊ နေ့လယ် ၁ နာရီခန့်တွင် စတင်စစ်ဆေးခဲ့ကြောင်း စွပ်စွဲခံဖမ်းဆီးခံနေရသူ၏ ရှေ့နေ ဒေါ်ဝိုင်းသူဇာက နိရဉ္စရာသို့ ပြောသည်။

"ဒီနေ့မှာတော့ တရားလိုပြသက်သေကို စတင်စစ်ဆေးပါတယ်"ဟု ပြောသည်။

ဖမ်းဆီးတရားစွဲဆိုခံထားရသူမှာ မြေပုံမြို့နယ်၊ သရက်တောင်ကျေးရွာမှ အသက် (၂၇)နှစ်အရွယ် ဘွဲ့ရပညာတတ် မစိုးစံသူဖြစ်သည်။

ပြီးခဲ့သည့် ဩဂုတ်လ ၂၈ ရက်တွင် တာမွေမြို့နယ်၊ ဦးချစ်မောင်လမ်းရှိ 29 ရွှေဆိုင်တွင် ကာလတန်ဖိုး သိန်း ၁၉၀၀ ခန့်ရှိ ရွှေထည်ပစ္စည်း ၃၄ မျိုး ပျောက်ဆုံးနေသည့်အတွက် ဝန်ထမ်း ၇၀ ခန့်အား မိသားစုနှင့် အဆက်အသွယ် လုံးဝ လုပ်ခွင့် မပြုဘဲ
 ၂ ရက်အကြာ ပိတ်လှောင်စစ်ဆေးပြီးနောက် ပစ္စည်းလက်ခံရေးဌာနမှ အဖွဲ့ခေါင်းဆောင် မောင်သန်းတိုးလင်းနှင့် မစိုးစံသူအပါအဝင် ၄ ဦးတို့အား ၅ ရက်ထပ်မံ စစ်ဆေးခဲ့သည်။

ယင်းနောက် တရားခံရှာမတွေ့၍ ဝန်ထမ်းများအား ပုံမှန် ရုံးတက်ရန် ကတိဖြင့် အလုပ်ပျက်ရက်မရှိ ဆင်းစေခဲ့ပြီးနောက် မစိုးစံသူမှာ နေမကောင်းသဖြင့် ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေလမင်းဆေးရုံ၌ ဆေးခွင့်ဖြင့် ဆေးကုသမှုခံနေစဉ် စက်တင်ဘာလ ၂၁ ရက်တွင် စွပ်စွဲ ဖမ်းဆီးခံခဲ့ရသည်ဟု သိရသည်။

သူမသည် 29 ရတနာရွှေဆိုင် ပစ္စည်းလက်ခံရေးဌာနတွင် အလုပ်လုပ်ကိုင်နေသည်မှာ ၄ လခန့်သာ ရှိသေးသည်။

အဆိုပါ 29 ရတနာ ရွှေဆိုင်တွင် ဝန်ထမ်းများအနေဖြင့် ရုံးဆင်းသည့်အခါတွင် ကိုယ်နှင့်ပါသည့် ပစ္စည်းများကို စစ်ဆေးရုံသာမက တစ်ကိုယ်လုံးစစ်ဆေးခံပြီးမှသာ ရုံးဆင်းရကြောင်း၊ CCTV ကင်မရာလည်း တပ်ဆင်ထားပါလျက် ကင်မရာ မှတ်တမ်းကိုလည်း တရားရုံးတွင် မတင်ကြောင်း၊ လက်ရှိအချိန်ထိလည်း ခိုးယူသွားသည့် ၎င်းရွှေထည်များကို ဖော်ထုတ်သိမ်းဆည်းရရှိခြင်း မရှိသေးကြောင်း၊ ယခုအမှုမှာ မြေနိမ့်ရာ လှံစိုက်သဘောမျိုးဖြစ်နေကြောင်း သူတို့နှင့် နီးစပ်သူတစ်ဦးက ပြောဆိုသည်။

လက်ရှိတွင် စွပ်စွဲခံဖမ်းဆီးခံနေရသူ မစိုးစံသူအား အင်းစိန်အကျဥ်းထောင်တွင် ဖမ်းဆီးထားပြီး သူမတွင် အစာအိမ်ရောဂါအခံရှိသဖြင့် ဗိုက်အောင့်သည့် ဝေဒနာကို ခံစားနေရကြောင်း ရှေ့နေ ဒေါ်ဝိုင်းသူဇာက ပြောသည်။

"သူက အရင်ကနေ အစာအိမ်ရောဂါအခံရှိတော့ ဗိုက်ခဏခဏ အောင့်တယ်လို့ ပြောတယ်။ ကျန်တာကတော့ ဘာမှ မဖြစ်ဘူး" ဟု ဆက်ပြောသည်။

လက်ရှိတွင် သူမသည် ရာဇသတ်ကြီးပုဒ်မ ၃၈၁ ဖြင့် တာမွေမြို့နယ်တရားရုံးတွင် တရားစွဲဆိုခံထားရသည်။

ရာဇသတ်ကြီးပုဒ်မ ၃၈၁ သည် (အလုပ်ရှင်ထံမှ အလုပ်သမားဖြစ်စေ၊ အိမ်ရှင်ထံမှ အစေခံဖြစ်စေ ခိုးယူခြင်း)နှင့်သက်ဆိုင်သည့် ပုဒ်မဖြစ်ပြီး အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၇ နှစ်အထိ ချမှတ်သည့် အမှုဖြစ်သည်ဟု သိရသည်။

 

 

ဆက်စပ် သတင်းများ