ကြာသပတေး၊ မေလ ၉ရက်၊ ၂၀၂၄

ရခိုင်အမျိုးသမီးငယ် ၄ဦးအား အရှေ့အလယ်ပိုင်းတွင်ရောင်းစားခဲ့သည့် ပွဲစားအမျိုးသမီးနှစ်ဦး၏ နောက်ဆုံးတရားလိုပြကို နိုဝင်ဘာ ၂ ရက်တွင် စစ်ဆေးမည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၁ အောက်တိုဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.4k

ရခိုင်အမျိုးသမီးငယ် ၄ ဦးကို အရှေ့အလယ်ပိုင်းနိုင်ငံများသို့ ရောင်းစားခဲ့သည့် ပွဲစားအမျိုးသမီး သုံးဦးအနက် တရားစွဲခံနေရသည့် အမျိုးသမီးနှစ်ဦးအမှု၏  တရားလိုပြကို  နိုဝင်ဘာ ၂ ရက်တွင် နောက်ဆုံး စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

ရခိုင်အမျိုးသားကွန်ရက်မှ ဥပဒေအကြံပေးလည်းဖြစ် အမှုကိုကူညီပေးနေသည့် ရှေ့နေ ဒေါ်ဝိုင်းသူဇာက  "တရားလိုပြ သက်သေတွေ အားလုံးစစ်ပြီးပြီ။ စစ်တွေက တရားလိုလုပ်ပြီး တရားစွဲပေးတဲ့ ဒုရဲအုပ်ကျော်နိုင်တစ်ယောက်ပဲ ကျန်ပါတယ်။ ရဲတစ်ယောက်ပဲ ကျန်ပါတယ်။ တရားလိုပြသက်သေစစ်ပြီးရင် စွဲချက်တင်တော့မယ်" ဟု နိရဉ္စရာသို့ ပြောသည်။

တရားစွဲခံနေရသည့် အမျိုးသမီးနှစ်ဦးကို အောက်တိုဘာ ၂၆ ရက် နေလယ် ၁၂ နာရီခန့်တွင် ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်တရားရုံးထုတ်ခဲ့ပြီး နောက်ဆုံးတရားလိုပြသက်သေတစ်ဦးအား စစ်ဆေးရန် နိုဝင်ဘာ ၂ ရက်နေ့တွင် စစ်ဆေးရန် တရားရုံးက အမိန့်ထုတ်ခဲ့သည်

လက်ရှိဖမ်းဆီးအမှုဖွင့်ခံထားသူနှစ်ဦးမှာ ရွှေပြည်သာမြို့နယ်တွင်နေထိုင်သည့် ရခိုင်အမျိုးသမီး ပွဲစားမနန္ဒာဆိုသူနှင့် ဗမာအမျိုးသမီး ပန်ပန်(ခ)ခိုင်စန္ဒာတို့ဖြစ်ကြောင်း သိရသည်။

၄င်းတို့ကို စစ်တွေက ဒုရဲအုပ်ကျော်နိုင်က တရားလိုပြုလုပ်ကာ ပြည်ပအလုပ်ကိုင်ဆိုင်ရာဥပဒေပုဒ်မ (၂၆) ဖြင့် အမှုဖွင့် တရားစွဲထားပြီး ၎င်းတို့နှစ်ဦးအား အင်းစိန်အကျဉ်းထောင်တွင် ဖမ်းဆီး ထိန်းသိမ်းထားသည်။

ဖမ်းဆီးခံထားရသည့် ပွဲစားမနန္ဒာ၊ မပန်ပန်(ခ)ခိုင်စန္ဒာနှင့် တရားခံပြေးအဖြစ် ရှောင်တိမ်း နေသူ မခိုင်သန်းအေးတို့သည်  အသက် ၂၂ နှစ်မှ ၂၆ နှစ်အရွယ်ရှိ ရခိုင်အမျိုးသမီးငယ် ၄ ဦးတို့ကို ဒူဘိုင်းရှိအလှပြင်ဆိုင်သို့ပို့ပေးမည်ဟုဆိုကာ အီရတ်နှင့် ဆော်ဒီအာရေဗျနိုင်ငံများသို့ ရောင်းစားခဲ့သည်ဟု ဆိုသည်။

ယင်းသို့လိမ်လည်ပို့ဆောင်ခံခဲ့ရ အမျိုးသမီး ၄ ဦးမှာ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ မြောက်ဦးနှင့် ရသေ့တောင်မြို့နယ်များမှ တစ်မြို့နယ်လျှင် တစ်ဦးကျစီဖြစ်ကြောင်း သိရသည်။

သူတို့ ၄ ဦးကို ပွဲစားများက ယခုနှစ်၊ မေလ ၇ ရက်တွင် ရန်ကုန်မှ ယူအေးအီးနိုင်ငံ၊ ဒူဘိုင်းမြို့သို့ ပို့ဆောင်ခဲ့ပြီး ယင်းမှတဆင့် ၃ ဦးကို အီရတ်နိုင်ငံသို့ဆက်လက်ပို့ဆောင်ကာ ကျန်တစ်ဦးကို ဆော်ဒီအာရေဗျနိုင်ငံသို့ ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အမျိုးသမီးငယ်များထဲမှ အီရတ်နိုင်ငံသို့ပို့ဆောင်ခံခဲ့ရသူနှင့် မိသားစုဝင်များသည် ဇွန်လ ၂၁ ရက်တွင် အဆက်သွယ်ရရှိခဲ့ပြီးနောက် မိခင်ဖြစ်သူတစ်ဦးက စစ်တွေမြို့၊ အမှတ်(၁)ရဲစခန်းတွင် တိုင်ကြားအမှုဖွင့်ခဲ့သည်ဟု သိရသည်။

လက်ရှိ အီရတ်နိုင်ငံတွင် ရောင်းစားခံရသည့် ရခိုင်အမျိုးသမီး ၃ ဦးသည် ၄ လနီးပါးအကြာ အသက်အန္တာရယ်ခြိမ်းခြောက်မှုနှင့် လိင်ပိုင်းဆိုင်ရာ နှောက်ယှက်မှုမျိုးစုံခံခဲ့ရပြီးနောက် ပြီးခဲ့သည့် စက်တင်ဘာ ၁၁ ရက်နှင့် အောက်တိုဘာ ၄ ရက်အတွင်းတွင် နိုင်ငံတကာ ရွှေ့ပြောင်း သွားလာခြင်းဆိုင်ရာ အဖွဲ့အစည်း (IOM)နှင့် မြန်မာသံရုံးအကူအညီဖြင့် အီရတ်နိုင်ငံအစိုးရထံ တရားဝင်ခိုလှုံခွင့်ရသွားခဲ့ပြီး ဆော်ဒီအာရေဗျနိုင်ငံမှ ဒူဘိုင်းမြို့သို့  ပြန်လည် ပို့ဆောင်ခံခဲ့ရသည့် မဝင်းဝင်းလှိုင်အတွက် လုံခြုံရာသို့ မရောက်ရှိသေးဟု သိရသည်။

" မဝင်းဝင်းလှိုင်နဲ့က အဆက်အသွယ်ရတယ်။ ဒါပေမဲ့ ဒူဘိုင်းက IOM သတ်မှတ်နေရာမဟုတ်တော့ သံရုံးလမ်းကြောင်းတစ်ခုတည်းနဲ့ပဲ ကူညီနိုင်လို့ရမှာပါ" ဟု ပြောသည်။

သူတို့ ၄ ဦးကို ပွဲစားများက ယခုနှစ်၊ မေလ ၇ ရက်တွင် ရန်ကုန်မှ ယူအေးအီးနိုင်ငံ၊ ဒူဘိုင်းမြို့သို့ တရားဝင်ပို့ဆောင်ခဲ့ပြီး ယင်းမှတဆင့် ၃ ဦးကို အီရတ်နိုင်ငံသို့ဆက်လက်ပို့ဆောင်ကာ ကျန်တစ်ဦးကို ဆော်ဒီအာရေဗျနိုင်ငံသို့ ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

(NN - 9)

ပုံ - ရခိုင်အမျိုးသမီးငယ် ၄ ဦးကို အရှေ့အလယ်ပိုင်းနိုင်ငံများသို့ ရောင်းစားခဲ့သည့် ပွဲစားအမျိုးသမီး သုံးဦး

ဆက်စပ် သတင်းများ