တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ပုဏ္ဏားကျွန်းမြို့မဈေး မီးလောင်မှု အချိန်ကိုက်ရှို့မီးဟု စစ်ကောင်စီသတင်းပြန်ကြား‌ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း လိမ်လည်သတင်းထုတ်ပြန်


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၂၅ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 2.3k

ရခိုင်ပြည်နယ်၊ပုဏ္ဏားကျွန်းမြို့၊ မြို့မဈေးမီးလောင်မှုကို အချိန်ကိုက်ရှို့မီးဟု စစ်ကောင်စီ သတင်းပြန်ကြား‌ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့ ည ၁၀ နာရီ စစ်ကောင်စီပိုင် ရုပ်မြင်သံကြားမှတဆင့် လိမ်လည်သတင်းထုတ်ပြန်သွားသည်။

၎င်းက "ရခိုင်ပြည်နယ်ဘက်မှာတော့ ပုဏ္ဏားကျွန်းဈေးမီးလောင်ခဲ့တဲ့ ဖြစ်စဉ်ရှိပါတယ်။ ဒီဖြစ်စဉ်နဲ့ ပက်သက်ပြီး တပ်မတော်အနေနဲ့ ရခိုင်ပြည်နယ်မှာရှိတဲ့ မြို့၊ရွာ၊ပြည်သူလုထု အသက်အိုးအိမ် စည်းစိမ်တွေကို ကာကွယ်စောင့်ရှောက်ပေးနေတာရှိပါတယ်။ ပုဏ္ဏားကျွန်းဈေး မီးလောင်တာနဲ့ ပက်သက်ပြီး ဒီဟာသည် ကျနော်တို့သံသယရှိတာသည် အချိန်ကိုက် ရှို့မီးပဲဖြစ်နိုင်ပါတယ်။ ‌AAအနေနဲ့ ဒေသခံ ပြည်သူလုထုကို အသုံးချပြီး အထင်အမြင် လွှဲမှားအောင် ပြုလုပ်နေတာပဲ ဖြစ်ပါတယ်။ ကျနော်တို့အနေနဲ့ ပြည်သူတို့အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ပေးနေတဲ့ တပ်မတော် ဖြစ်တာနဲ့ အညီ မီးရှို့စရာအကြောင်း၊ ပစ်ခတ်စရာအကြောင်းမရှိပါဘူး။ စစ်ရေး ပစ်မှတ်တွေကိုပဲ ကျနော်တို့ တိုက်ခိုက်နေတာဖြစ်ပါတယ်"ဟု ပြောသည်။

စစ်ကောင်စီအကြမ်းဖက် ရေတပ်နေဗီတစ်စီးက ကုလားတန် မြစ်တွင်းကနေ ပုဏ္ဏားကျွန်းဈေးကြီးကို တမင်ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ဒေသခံ ပြည်သူတစ်ရပ်လုံးက  ပြောဆိုနေသည့်ကြားက ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြည်သူများအကြား ထင်ယောင်ထင်မှားဖြစ်အောင် လိမ်လည် ထုတ်လွင့်သွားခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောကြားသည်။

“ ဘာ ပြည်သူလူထု အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ပေးနေတဲ့ တပ်မတော်လဲ။ သူတို့ လက်နက်ကြီးနဲ့ ပစ်လို့ မီးလောင်တယ်ဆိုတာ ဒေသခံတွေ အကုန်သိတယ်။ စျေးကို မီးတိုက်ပြီး လူထုတွေ ဒုက္ခရောက်အောင်လုပ်တာ။ ဖက်ဆစ်ဂျပန်စစ်တပ်ထက်ဆိုးသွားပြီ။ ရခိုင်ပြည်သူလူထုကို မီးလောင်တိုက်သွင်းနေတာ”ဟုပြောဆိုသည်။  


 ယနေ့နိုဝင်ဘာ ၂၄ရက် ညနေ ၂နာရီခန့်က စစ်ကောင်စီ၏ နေဗီမှ ပစ်ခတ်လိုက်သည့် လက်နက်နှစ်လုံး စျေးထဲကျရောက် ပေါက်ကွဲ မှုကြောင့် မြို့မဈေးတစ်ခုလုံး မီးလောင်ကျွမ်းခဲ့ပြီး လက်ရှိ ၉နာရီခွဲထိ မီးမငြိမ်းသတ်နိုင်သေးဟု သတင်းရရှိသည်

ယခုမီးလောင်သွားသည့် ပုဏ္ဏားကျွန်း မြို့မဈေးကြီးတွင်ဆိုင်ခန်း ၃၀၀ခန့်ရှိပြီး ပျက်စီးဆုံးရှုံးမှုမှာ အလွန်များပြားသည်ဟု သိရသည်။(NN-11) 

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!