တနင်္လာ၊ မေလ ၆ရက်၊ ၂၀၂၄

တာဝါတိုင်များကို ဆီမဖြည့်နိုင်၍ ရခိုင်ရှိမြို့နယ်တချို့တွင် MPT, Mytel ဖုန်းလိုင်းများပြတ်တောက်နေ


  • ရေးသူ: Web Master (NN 13)
  • | ရက်စွဲ: ၁၁ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.2k

စက်သုံးဆီပြတ်လပ်လာသဖြင့် တာဝါတိုင်များရှိ မီးစက်များကို ဆီမဖြည့်နိုင်၍ရခိုင်ရှိမြို့နယ်တချို့တွင် MPT, Mytel ဖုန်းလိုင်းများပြတ်တောက်မှုများနှင့် ကြုံတွေ့နေရသည်ဟု ပြည်သူများက ပြောသည်။

ကျောက်တော်မြို့နယ်တွင် ယခင်က MPT, Mytel ဖုန်းလိုင်းများကို ၎င်းမြို့၏ မည်သည့်နေရာမျိုးတွင် မဆို လိုင်းအပြည့်ရရှိနေ၍ ဖုန်းပြောဆိုရာတွင်လည်းကောင်း၊ အင်တာနက် သုံးစွဲရာတွင်လည်းကောင်း အဆင်ပြေမှုရှိခဲ့သော်လည်း တိုက်ပွဲများဖြစ်ပွားပြီးနောက်ပိုင်း တစ်ပတ်အကြာမှ စတင်ပြီး လက်ရှိအချိန်အထိ ဖုန်းလိုင်းများ ပြတ်တောက်မှုများနှင့် ကြုံတွေ့နေရသည်ဟု မြို့ခံတစ်ဦးက ပြောသည်။

 “ MPT, Mytel ဖုန်းလိုင်းတွေဆိုရင် လိုင်းတိုင်မတက်ဘူး။ ကြက်ခြေခတ်တွေပြနေတယ်။ အရင်ဆိုရင် ဖွင့်ချင်တဲ့ နေရာမှာဖွင့်ရတယ်။ အခု MPT လိုင်းက လုံးဝမရတာ။ Mytel ဆိုရင် ချောင်းနားတွေ၊ လယ်ကွင်းပြင်တွေမှာ သွားမှဘဲရတယ်။ အစတုန်းကတော့ ဖုန်းလိုင်းတွေ ဖြတ်တောက်လိုက်တယ်လို့ ထင်တာ။ တကယ်တော့မဟုတ်ဘူး။ တာဝါတိုင်တွေက မီးစက်မှာ ဆီမဖြည့်လို့ ဖြစ်တာပါ။ လမ်းပိတ်ထားလို့ ဆီတွေမရတော့လေ ဟုပြောသည်။

 

အလားတူမောင်တောမြို့နယ်ရှိ ဒီဇင်ဘာလပထမအပတ်တွင် တမန်းသားရွာရှိ MPT တာဝါတိုင်ကို ဆီဖြည့်လာသော်လည်း ဆီဖြည့်ပြီး လေးငါးရက်အကြာတွင် ၎င်းနေရာတဝန်း ဖုန်းလိုင်းများ ပြတ်တောက်သွားသလို တချို့နေရာများတွင် လိုင်းပြတ်တောက်မှုများနှင့် တဖြည်းဖြည်း ကြုံတွေ့နေရသည်ဟု မြို့ခံတစ်ဦးက ပြောသည်။

 

လိုင်းတွေပြတ်နေတာကြာပါပြီ။ ဧရိယာပြင်ပပါ။ MPT တာဝါတိုင်ကို ဆီဖြည့်ဖို့ လာကြဘူး။ တမန်းသားရွာတွေမှာ  MPT တာဝါတိုင်ကို ဟိုးတစ်လောက ဆီလာဖြည့်ပြီး လေးငါး ရက်လောက် ဆိုတာနဲ့လိုင်းကပြတ်သွားပြီ။ သူတို့မှာပါတဲ့ ဆီတွေကိုလည်း အကုန်မထည့်ဘူးနဲ့တူတယ်။ ဆီဈေးကလည်း ဈေးကောင်းနေတာပါကိုး ဟုပြောသည်။

 

မြောက်ဦးမြိုခံတစ်ဦးကဖုန်းခေါ်လို့ ဝင်ချင်ရင်ဝင်တယ်။ မဝင်ချင်မဝင်ဘူး။ ဖုန်းဝင်ရင်တောင် ဖုန်းလိုင်းက ပြတ်တောက်ပြတ်တောက်နဲ့ စကားပြေရတာ အဆင်မပြေဘူး ဟုပြောသည်။

 

လက်ရှိတွင် တိုက်ပွဲများ ဖြစ်ပွားနေ၍ ဖုန်းတာဝါတိုင်များကို ဆီဖြည့်ရန် ဝန်ထမ်းများ မလာရောက်ကြတော့၍ တာဝါတိုင်အများစုမှာ လည်ပတ်မှု မရှိရာမှ ဖုန်းလိုင်းများ ပြတ်တောက်နေခြင်း ဖြစ်ကြောင်း သိရသည်။ (NN-13)

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!