စနေ၊ မေလ ၁၈ရက်၊ ၂၀၂၄

ယခုနှစ် (၄)လအတွင်း မြန်မာနိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး (၂၂၃) ဦး သေဆုံးခဲ့ရပြီး ရခိုင်တွင်သေဆုံးသူ (၅၃) ဦးရှိခဲ့


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 399

(သေဆုံးမှု ထဲ ရခိုင်က ဒုတိယအများဆုံးဖြစ်ကြောင်းဖော်ပြ)

ဂျွန်နသန်၊ နိရဉ္စရာ၊ မေ ၅/၂၀၂၄

မြန်မာနိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စု၏ လက်ချက်ကြောင့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ ဧပြီလအထိ  (၄)လတာကာလအတွင်း အမျိုးသမီး (၂၂၃) ဦး သေဆုံးခဲ့ပြီး ထိုအထဲတွင် ရခိုင်၌ သေဆုံးသူ (၅၃) ဦးရှိခဲ့ရာ သေဆုံးမှု ဒုတိယအများဆုံးဒေသ ဖြစ်ကြောင်းသိရသည်။

အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး (၂၂၃) ဦး သေဆုံးခဲ့ပြီးစစ်ကိုင်းတိုင်းမှာ (၇၀) ဦးဖြင့် အများဆုံး သေဆုံးခဲ့ပြီး ရခိုင်ပြည်နယ်မှာ (၅၃) ဦးဖြင့် ဒုတိယ သေဆုံးမှု အများဆုံးဒေသ ဖြစ်ကြောင်းမေ၃ရက်နေ့ထုတ် AAPP ထုတ်ပြန်ချက်ကိုကိုးကားပြီး ဒါကထရီဗြူးက သတင်းဖော်ပြသည်။

(၄)လတာကာလအတွင်း(၂၂၃) ဦး သေဆုံးခဲ့သေဆုံးခဲ့ရမှုတွင်အသက် ၁၈ နှစ်အောက် (၄၀) ဦး လည်းပါဝင်ကြောင်းနိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၎င်းပြင်သေဆုံးသူ (၂၂၃) ဦး အနက် (၉၈) ဦးမှာ စစ်အုပ်စု၏ လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်မှုကြောင့် အများဆုံး သေဆုံးခဲ့ပြီး လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးသူ ဦးရေမှာ (၈၂) ဦးဖြင့် ဒုတိယ အများဆုံး ဖြစ်သည်။

ဧပြီလတစ်လတည်းတွင် အရပ်သား ၁၂၁ ဦး သေဆုံးခဲ့ပြီး ယင်းတွင် ကလေးငယ် ၁၆ ဦးသေဆုံးခဲ့ရာ တုန်လှုပ်ချောက်ချားဖွယ်ရာဖြစ်သည်။

ဧပြီလ ၂၂ ရက်နေ့က ပြင်တော်ဦးကျေးရွာအနီးတွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကလေးငယ် သုံးဦးနှင့် သက်ကြီးရွယ်အိုတစ်ဦး သေဆုံးခဲ့သည်။

ထို့ပြင် လေးလတာအတွင်း နိုင်ငံတဝန်း စစ်အုပ်စုက အသက် ၆ နှစ်အရွယ် မိန်းကလေး (၁) ဦး အပါအဝင် အမျိုးသမီး (၇၅) ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

ထို (၇၅) ဦးတွင် ရန်ကုန်တိုင်းမှာ (၂၀) ဦးဖြင့် အများဆုံး ဖမ်းဆီးခံခဲ့ရပြီး မန္တလေးတိုင်းမှာ (၁၃) ဦးဖြင့် ဒုတိယ အများဆုံး ဖမ်းဆီးခံခဲ့ရသည်။

လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ ဒေါ်သဉ္ဇာရွှန်းလဲ့ရီက သတင်းမရရှိဘဲ နောက်ထပ် အမျိုးသမီး အများအပြား ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်ခံနေရသည့် အပေါ် အလွန်အမင်းစိုးရိမ်မိကြောင်း ပြောဆိုသည်။

“စစ်အစိုးရက အမျိုးသမီးတွေကို ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ညှင်းပန်းနှိပ်စက်နေပါတယ်။ ကျွန်မတို့ညီအစ်မ တော်တော်များများဟာ ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခံနေရဆဲပါ” ဟု ၎င်းက ဆိုသည်။

စစ်တပ်မှအာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် မှ မေလ ၂ ရက်၊ ၂၀၂၄ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများ၏ လက်ချက်ကြောင့် အပြစ်မဲ့ ပြည်သူ စုစုပေါင်းမှာ (၄၉၆၂) ဦးသေဆုံး ခဲ့ပြီဖြစ်သည်။

 Source/The Dhaka Tribune

 

ဆက်စပ် သတင်းများ