ကြာသပတေး၊ မေလ ၂ရက်၊ ၂၀၂၄

ပုဏ္ဏားကျွန်းမြို့နယ်တွင် ရေရှားပါးမှုပြဿနာနှင့် ကြုံတွေ့နေရပြီး သောက်သုံးရေ မသန့်ရှင်းမှုကြောင့် ကလေးနှင့် အမျိုးသမီးများ အရေပြားရောဂါဖြစ်ပွါးနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 531

သဉ္ဇာနွယ်၊ နိရဉ္စရာ၊ ဧပြီ ၄/၂၀၂၄

ရခိုင်ပြည်၊‌ပုဏ္ဏားကျွန်းမြို့နယ်တွင် ရေရှားပါးမှု ပြဿနာ ကြုံတွေ့နေရပြီး သောက်သုံးရေ မသန့်ရှင်းမှုကြောင့် ကလေးများနှင့် အမျိုးသမီးများ အရေပြားရောဂါ ခံစားနေရကြောင်းသတင်းရရှိသည်။

ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာနှင့် ယိုးတရုပ်ကျေးရွာကြားရှိ ‌ယိုးငူ၊ သရက်ချို၊ အောင်ဖြူပြင်၊ ပန်းနီလာ၊ ကြံခင်း၊ တောင်နားရွာနှင့် ကျင်တလင်းကျေးရွာများတွင်နေထိုင်သည့် အသက် ၁၀နှစ်အောက် ကလေးအရွယ်များနှင့် သက်လတ်ပိုင်းနှင့် သက်ကြီးပိုင်းအရွယ် အမျိုးသမီးများတွင် အရေးပြားယားယံမှုများဖြစ်နေကြသည်ဟု ပုဏ္ဏားကျွန်းတွင် စစ်ရှောင်နေသည့် ယိုးတရုပ်ကျေးရွာမှ အမျိုးသမီးတစ်ဦးက နိရဉ္စရာသတင်းဌာန ကိုပြောသည်။

" ရေတွေရှားပြီး ရေမှာရွှံ့အနည်တွေပါတယ်။ အဲဒီရေကိုချိုးမိတော့ ယားပြီးအနာတွေဖြစ်နေတယ်။ကလေးရော မိခင်တွေရော အမျိုးသမီးတွေရောဖြစ်နေကြတယ်။ စားသောက်ရေးက ခက်ခဲတာကတမျိုး။ ရောဂါဖြစ်နေတာကတမျိုး ဒုက္ခတွေခံစားနေရပါတယ်။ ဆေးဝါးကအစမလုံလောက်ပါဘူး။ ကလေးသံချဆေးတောင် တစ်လုံးကို သုံးထောင်နဲ့ ဝယ်နေရတာမျိုးရှိတယ်။ ဒါတောင် ရှာမရတဲ့အနေအထားမျိုး " ဟုပြောသည်။

ပုဏ္ဏားကျွန်းမြို့နယ်ရှိ အနည်းဆုံးရွာပေါင်း ၅ဝခန့်တွင် မတ်လမှစ၍ ရေရှားပါးမှုနှင့်ကြုံတွေနေရပြီး အရေးပေါ်ရေအကူညီများလိုအပ်လျက်ရှိသည်ဟု ပုဏ္ဏားကျွန်းမြို့တွင် ရေလှူပေးနေသည့် လူငယ်တစ်ဦးက နိရဉ္စရာကိုပြောသည်။

" ပုဏ္ဏားကျွန်းမှာကနှစ်စဉ် ရေရှားတယ်ဆို‌ပေမယ့် သင်္ကြန်အလွန်မှပဲရှားတာ ။ဒါပေမယ့်ဒီနှစ်က မြို့ပေါ်က ‌ရေတွေကလည်းခပ်လို့မရဘူး။ မြို့ကိုဝင်ခွင့်မရသေးဘူး။နောက်တစ်ခုက စစ်ရှောင်တွေတအားများတာလည်းပါတော့ ရေက လုံးဝအခြေနေဆိုးနေတယ်။ ကူညီနိုင်ဖို့က လူအားရှိပေမယ့် ရေတွေ သွားသယ်ဖို့ ဝယ်ဖို့ကားနဲ့သွားရတဲ့အတွက် လမ်းစရိတ်၊ ဆီစရိတ်တွေ လိုအပ်ပါတယ်။ ရေ လှူဖို့အတွက် လက်ရှိဆီ ဈေးနဲ့ဆိုရင် ကား တစ်ကြောင်းကို အနည်းဆုံး တစ်သိန်းလောက်ကုန်ပါတယ်။ " ဟုပြောသည်။

ကျေးရွာတစ်ချို့ရှိ သုံးရေကန်များတွင် မြစ်မှ ဆားငန်ရေထည့်ပြီး သုံးနေကြရသည့်အတွက် အရေးပြားရောဂါများဖြစ်ပွားပြီး အဆိုပါရေကိုသောက်မိပါက ဝမ်းလျှော၊ဝမ်းပျက်ရောဂါဖြစ်လာနိုင်မည်ကို စိုးရိမ်နေကြကြောင်း ဒေသခံများက ပြောသည်။

တချို့ ရွာများတွင် နံနက် ၆နာရီမှ နံနက် ၉နာရီကြားထိ တစ်အိမ်ထောင်စုကို ရေ ၄ ပုံးသာ ခပ်ခွင့်ပေးထားကြောင်း ဒေသခံများကပြောသည်။

ပုဏ္ဏားကျွန်းတွင် စစ်ဘေးရှောင်ဦးရေ အနည်းဆုံး ၅,၀၀၀ ဝန်းကျင်အထိတိုးလာနေပြီး နွေစားနပ်ရိက္ခာ၊ဆေးဝါးအပြင် ရေရှားပါးမှုအခြေနေနှင့်ပါ ကြုံတွေနေကြရသည့်အတွက် အကူညီများလိုအပ်နေသည်ဟု လူမှုရေးလုပ်ဆောင်နေသူများက ‌‌‌‌‌‌ပြောသည်။

ဓာတ်ပုံ - ပုံဟောင်းများ

ဆက်စပ် သတင်းများ