စနေ၊ မေလ ၄ရက်၊ ၂၀၂၄

သံတွဲမှ အရပ်သား အမျိုးသမီး လေးဦးကို စစ်ကောင်စီက ဖမ်းဆီးပြီး သုံးဦးကို ပြန်လွှတ်ကာ တစ်ဦးကို AA နှင့် ပတ်သက်သည်ဟု စွပ်စွဲပြီး ဖမ်းဆီးထား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 618

ရခိုင်ပြည်၊ သံတွဲမြို့နယ်မှ အရပ်သား အမျိုးသမီး လေးဦးကို စစ်ကောင်စီက လွန်ခဲ့သည့် ဧပြီလ ၇ ရက်က ဖမ်းဆီးပြီး သုံးဦးကို ပြန်လွှတ်ပေးကာ နောက်ထပ် တစ်ဦးကို ရက္ခိုင့်တပ်တော်(AA) နှင့် ပတ်သက်သည်ဟု စွပ်စွဲဖမ်းဆီးထားကြောင်း သိရသည်။

ဖမ်းဆီးခံရသူမှာ သံတွဲမြို့နယ်၊ ဘောက်‌ထောင်ရွာမှ  မမေသဇင် အသက် ၃၀ နှစ် ဖြစ်ပြီး ဧပြီ ၇ ရက်က အမျိုးသမီးအဖော် ၃ ဦးနှင့်အတူ  သံတွဲမြို့မဈေးမှ ပြန်လာရာ ရောင်ခြည်ဦး လမ်းဆုံ ဂိတ်တွင်ချထားသည့် စစ်တပ်က ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု သံတွဲမြို့နယ်၊ ဘောက်ထောင်ကျေးရွာမှ အမျိုးသမီးတစ်ဦးက နိရဉ္စရာ သတင်းဌာနအားပြောသည်။

" အမျိုးသမီး လေးယောက် အတူသွားပြီး  တူတူဖမ်းခံရတာပါ။ မမေသဇင်အပါအဝင်  အသက် ၄၀ကျော် တစ်ယောက်၊ အသက် ၂၀ကျော်နဲ့ အသက် ၁၀နှစ်ကျော် တစ်ယောက်ပါ။ ဖုန်းတွေကိုစစ်တယ်။ ဖုန်းထဲမှာ AA နဲ့ ပတ်သက်တာတွေ တွေ့လို့ ဖမ်းတာလို့ပြောတယ် " ဟုပြောသည်။

မမေသဇင်နှင့်အတူ ဖမ်းဆီးခံခဲ့ရသည့် အမျိုးသမီးများမှာ နောက်တစ်နေ့တွင် ပြန်လွတ်လာပြီး အလွန်အမင်း စိုးရိမ်ကြောက်လန့်နေကြသည်ဟု ၎င်းတို့၏ မိသားစုဝင်များ၏ ပြောပြချက်အရသိရသည်။

လက်ရှိတွင် သူမကို ငပလီတပ်ရင်း ခလရ ၅၅ တွင် ဖမ်းဆီးထားပြီး မိသားစုနှင့်အဆက်သွယ်မရသေး၍ စိုးရိမ်နေကြောင်း မိသားစုဝင်တစ်ဦးက နိရဉ္စရာ သတင်းဌာနအားပြောသည်။

" ဘယ်လိုပဲဖြစ်ဖြစ် သမီးမိန်းကလေးမို့လို့ အရမ်းစိတ်ပူတယ်။ တခြားလူတွေက ပြန်လွတ်လာပြီ။ သူတစ်ယောက်ထဲကို ပြန်မလွတ်သေးတာ။ အပြစ်မရှိရင် ပြန်လွှတ်ပေးပါလို့ပြောချင်တယ် " ဟုပြောသည်။

ရခိုင်တွင် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၁၃ ရက်မှ ယခုနှစ် မတ်လ ၂၁ ရက်အထိ လေးလကျော်ကာလအတွင်း စစ်ကောင်စီ၏ မတရားဖမ်းဆီး၊ ထိန်းသိမ်းခံထားရသူ ၄၇၁ ဦးအထိ ရှိပြီး ထိုအထဲတွင် ကျား ၄၂၄ ဦးနှင့် မ ၄၇ ဦး ပါဝင်ကြောင်း HDCO က ဧပြီလ ၄ ရက်က ထုတ်ပြန်ထားသည်။

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!