စနေ၊ မေလ ၄ရက်၊ ၂၀၂၄

ဒေါ်မြရွာတိုက်ပွဲမှ ပစ်ခတ်သည့် လက်နက်ကြီးသံများကို ညနေ၆နာရီအထိ သံတွဲမြို့ပေါ်ကကြားရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 1.3k

(တိုက်ပွဲကြောင့် သံတွဲဒေသခံ ရာနှင့်ချီပြီး ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်)

စိုးစံအောင် ၊ နိရဉ္စာ ၊ ဧပြီ ၂၂ / ၂၀၂၄

 

သံတွဲမြို့နယ် ဒေါ်မြရွာအနီးတွင် ဖြစ်ပွားနေသည့် အာရက္ခတပ်တော် ( AA) နှင့် စစ်ကောင်စီ ိုက်ပွဲမှ လက်နက်ကြီးပစ်ခတ်သံများကို  ညနေ၆နာရီ ထိ သံတွဲမြို့ပေါ်ကနေ ကြားခဲ့ရပြီး တိုက်ပွဲဖြစ်ရာ အနီးဝန်းကျင်ရှိ ကျေးရွာများတွင်လည်း လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့၍ ဒေသခံ ရာနှင့်ချီ  ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သတင်းရရှိသည်။

 

ယနေ့နေ့လယ်က စတင်ဖြစ်ပွားနေခဲ့သည့် သံတွဲမြို့နယ် မြောက်ပိုင်း ဒေါ်မြရွာအနီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က အကျအဆုံးများပြီးနောက် လေကြောင်းကနေ လာရောက် ဗုံးကြဲတိုက်ခိုက်သည့် အပြင် နေဗီကလည်း လက်နက်ကြီးများဖြင့် အဆက်မပြတ် လှမ်းပစ်ခဲ့သည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက နိရဉ္စရာသတင်းဌာနကို ပြောသည်။

 

" ပုရစ်၊ ရေကောက်ဖက်မှာ ပစ်ခတ်နေကြလို့ ရွာသားတွေအထုပ်အပိုးတွေနဲ့ ဒီဖက်ကို ပြေးလာကြတယ် အဲဒီဘက်ကလက်နက်ကြီး ပစ်သံတွေအခုထိကြားနေရတယ်" ဟု နေ့လယ် နှစ်နာရီခွဲအချိန်ဆက်သွယ်မေးမြန်းရာ ရွှေလှေဒေသခံတစ်ဦးကပြောသည်။

 

ထွက်ပြေးတိမ်းရှောင်ရသူများမှာ ပုရစ်၊ ရေကောက်တို့မှ ကျေးရွာသားများဖြစ်သည်ဟုဆိုသည်။

 

သံတွဲမြို့နယ် သူဌေးရေအားလျှပ်စစ်စီမံကိန်းနှင့် တစ်မိုင်အတွင်းရှိသည့် ဒေါ်မြရွာဟောင်း၊ ပုရစ်၊ ရေကောက်ကျေးရွာနှင့် ဆူးပုတ်ကုန်းတို့တွင် အာရက္ခတပ်တော်နှင့် စစ်ကောင်စီတပ်တို့ နှစ်ဖက် တိုက်ပွဲ ဖြစ်ပွားနေခြင်းဖြစ်​ကြောင်း ဒေသခံများကပြောသည်။

 

" ပစ်ခတ်သံတွေက အခု နေ့ခင်းဘက် နေရာ ၂ ခုကတောင် ကြားနေရတယ်။ ပုရစ်ရေကောက်ဖက်မှာက တော်တော်ကြားရတယ်။ ပေါက်တောကျေးရွာရဲ့တဖက်တကမ်း ဆူးပုတ်ကုန်းဘက်ကလည်း ပစ်ခတ်သံတွေ ကြားရတယ်" ဟု ရွှေလှေဒေသခံကပြောသည်။

 

ယခုညနေ ၆ နာရီကျော်အချိန်ထိ ပုရစ်၊ ရေကောက်ကျေးရွာဘက်မှ လက်နက်ကြီး ပစ်ခတ်သံများကို သံတွဲမြို့ကနေအထိ ကြားနေရဆဲဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။

 

ပေါက်တောကျေးရွာ ဒေသခံအမျိုးသမီးငယ်တစ်ဦးကလည်း " အခု နှစ်ဖက်ပစ်သံမျိုးတော့ မကြားရတော့ဘူး။ ရပ်သွားပြီ။ ဒါပေမယ့်  ပုရစ်၊ ရေကောက်ရွာသစ် တောင်ဖက်က လက်နက်ကြီး ပစ်သံတွေ အခုထိကြားနေရတယ်"ဟု ပြောသည်။

 

ယနေ့နေ့လယ်ပိုင်းကစတင်ဖြစ်ပွားခဲ့သည့်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ဝန်းကျင် သေဆုံးခဲ့သည်ဟု ဒေသတွင်း သတင်းမီဒီယာ တစ်ခုဖြစ်သည့် AB-News တွင်ဖော်ပြထားသည်။

သို့သော်လည်း အဆိုပါသေဆုံးသွားသည့် စစ်ကောင်စီတပ်သားအရေအတွက်ကို  နိရဉ္စရာသတင်းဌာန အနေဖြင့်မူ သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါ

 

အာရက္ခတပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့၏ တိုက်ပွဲမှာ သံတွဲဒေသအတွင်း ပိုမိုကျယ်ပြန့်လာပြီး သံတွဲမြို့နှင့် နာမည်ကျော် ငပလီကမ်းခြေအထိ နီးကပ်လာနေပြီဖြစ်သည်ဟု သိရသည်။

 

ဧပြီလ ၁၃ ရက်က သံတွဲမြို့နယ်၊ ကွေ့ချောင်းကျေးရွာနှင့် ရေစင်ကျေးရွာကြားတွင် AA နှင့် စစ်ကောင်စီ တပ်တို့တိုက်ပွဲဖြစ်ပွားခဲ့ပြီး သံတွဲ-တောင်ကုတ်ကားလမ်းကို စစ်ကောင်စီတပ်ကပိတ်ထားလိုက်သည်။

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!