ဗုဒ္ဓဟူး၊ မေလ ၈ရက်၊ ၂၀၂၄

သံတွဲတိုက်ပွဲတွင် ဒုတပ်ရင်းမှူးတစ်ဦးနှင့် ဗိုလ်ကြီးတစ်ဦးအပါအအဝင် တပ်သားအများ အပြားကျဆုံးပြီး စစ်ကောင်စီအထိနာနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 1.7k

(သံတွဲမြို့ကိုလည်း အေအေက ဝိုင်းထားသည့် အနေအထားရှိနေပြီး စစ်တပ်က ထိပ်တိုက် မတိုးရဲ၍ နေဗီနှင့် လေယာဉ်အားကိုးနေရဟုဆို)

လူထက်နိုင်(ဒွာရာမြီ)/ နိရဉ္စရာ၊ ဧပြီ ၂၇ / ၂၀၂၄

 ရခိုင်ပြည်၊ သံတွဲမြို့နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများ၌ စစ်ကောင်စီ ဒုတပ်ရင်းမှူးတစ်ဦးနှင့် ဗိုလ်ကြီးတစ်ဦးအပါအဝင် တပ်သား ၄၀ ခန့် သေဆုံးသွားခဲ့ပြီး စစ်တပ်က အေအေကို ထိပ်တိုက် မတိုးရဲ၍ နေဗီနှင့် လေယာဉ် အဓိက အားကိုးနေရသည်ဟု ဒေသခံများက နိရဉ္စရာတင်းဌာနကို ပြောသည်။

 

၎င်းပြင် သံတွဲမြို့ကိုလည်း အာရက္ခတပ်တော် (AA) က ဝိုင်းထားသည်ဟု သတင်းများ ထွက်ပေါ် နေသဖြင့် စစ်ကောင်စီအာဏာပိုင်များအတွင်း အထူးစိုးရိမ်နေကြသည်ဟု ဆိုသည်။   

 

၎င်းပြင် ယခုရက်ပိုင်းအတွင်း သူဌေးချောင်းရေအားလျှပ်စစ် စီမံကိန်း အနီးဝန်းကျင်တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း သံတွဲမြို့နယ်၊ ငပလီအခြေစိုက် ခလရ (၅၅)မှ ဒုတပ်ရင်းမှူး ဗိုလ်မှူး ပြည့်ဖြိုးဟိန်းနှင့် ဗိုလ်ကြီး ကိုကိုလင်း အပါအဝင်စစ်ကောင်စီတပ်သား အများအပြား ကျဆုံးသွားခဲ့သဖြင့် စစ်သားမိသားစုများအတွင်း အထူးစိုးရိမ်နေကြသည် ဟုဒေသခံတစ်ဦးက ပြောသည်။

 

ဗိုလ်မှူး ပြည့်ဖြိုးဟိန်းကတော့ အရင်တုန်းကတည်းက မြို့ထဲအသွားအလာရှိတယ်။ လူသိများတယ်၊ ကျသွားတာက ဗုံးစထိမှန်လို့ဆိုပြီး သတင်းထွက်တာပေါ့။ အခုသံတွဲမြို့ ဆေးရုံ သံဃာဆောင်ရယ်။ အရိုးအကြောဆောင်ရယ်မှာ စစ်သားတွေ ဆေးကုနေတာ အများကြီးပဲ၎င်းက ပြောသည်။

 

ဒဏ်ရာပြင်းထန်သူစစ်ကောင်စီတပ်သားတချို့ကိုလည်းရန်ကုန်သို့ပို့ဆောင်ကုသနေရကြောင်း ဒေသခံများထံမှသိရသည်။

 

ထိုအပြင်ယခင်က သံတွဲမြို့ဂိတ်များတွင် စောင့်ကြပ်နေသည့် စစ်ကောင်စီတပ်သားများသည် ရေအားလျှပ်စစ်စီမံကိန်းသို့ စစ်ကူပေးနေရသောကြောင့် စစ်ဆေးရေးဂိတ်များတွင် ရဲတပ်ဖွဲ့ဝင်များသာ စောင့်ကြပ်နေသည်မှာ ရက်ခန့်ရှိပြီဖြစ်ကြောင်းသိရသည်

 

ဒီနေ့မနက်အထိ စစ်ကောင်စီက သူဌေးချောင်း ရေအားလျှပ်စစ်မှာ အင်အားဖြည့်ထားတယ်။ စစ်သား၅၀ လောက်ဒီမနက်ပဲ အဲဒီဖက်တက်သွားတယ်။ အေအေက ထိုးစစ်ဆင်လာတာ ရေအားလျှပ်စစ်က ဒီရက်ပိုင်းကျနိုင်တယ်။ ရေအားစီမံကိန်း နဲ့ မိုင်အကွာမှာစစ်တပ်က ကင်းပုန်းဝပ်နေတယ်။ ရေအား အနီးတစ်ဝိုက်မှာ ငပလီက စစ်ကူတွေရောက်နေပြီ။ မြို့ကို အေအေက ဝိုင်းထားပြီးထင်တယ်။ မြို့ပတ်ဝန်းကျင်ရွာတွေမှာ အေအေ လှုပ်ရှားမှုတွေရှိတယ်။ ဒါကို စစ်တပ်လည်း သိတယ်။ စစ်တပ်က ထိတ်တိုက်ကို မတိုးရဲတာ နေဗီနဲ့ လေယာဉ်ပဲ အားကိုးနေရတာ။ မြေပြင်မှာ မယှဉ်နိုင်တော့ဘူးဟု ရွှေလှေဒေသခံတစ်ဦးကပြောသည်။

 

ဧပြီ ၂၇ ရက်နေ့နံနက်ပိုင်းတွင် စစ်ကောင်စီတပ်တပ် ၃၀ ခန့်သည် ရွှေလှေတံတားဦးတွင် ရိက္ခာ လာရောက်ဝယ်ယူပြီး ရေအားလျှပ်စစ်ဘက်သို့ပြန်တက်သွားကြောင်းဒေသခံများကဆိုသည်။

 

သံတွဲမြို့နယ်ရှိ သူဌေးချောင်းရေအားလျှပ်စစ် စီမံကိန်းနှင့် ၁၀ ခန့်အကွာတွင် ဧပြီ ၂၂ရက်နေ့ နံနက်ပိုင်းမှစ၍ စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA) တို့ တိုက်ပွဲပြင်းထန်နေသောကြောင့် ဒေသခံကျေးရွာများမှ ဒေသခံအများအပြားမှာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရကြောင် သိရသည်။

 

သံတွဲမြို့နယ် သူဌေးရေအားလျှပ်စစ်စီမံကိန်းအနီ တိုက်ပွဲပြင်းထန်နေသောကြောင့် အနီးအနားကျေးရွာ ရွာဖြစ်ကြသည့် ပုရစ်၊ ဒေါ်မြ၊ ရေကောက်၊ ဆူးပုတ်ကုန်း၊ ဘုရားမော်၊ ချင်းကွင်း စသည့် ကျေးရွာဒေသခံများ မှဒေသခံများ အဓိက စစ်ဘေးတိမ်းရှောင်နေရခြင်းဖြစ်ကြောင်းသိရသည်။

 

ကျောင်းကုန်က စစ်ရှောင်ရတယ်။ နောက်ပရစ်ရွာနဲ့ တခြားရွာတွေကလည်း ရှောင်ကြတယ်၊မနေ့က ကျောင်းကုန်းနဲ့ဒေါ်မြရွာဖက်မှာ ပိတ်မိနေတဲ့ သူတွေရှိသေးတယ်။ အခုက စစ်တပ်ကို အေအေ ဝိုင်းထားပြီ မြို့ပတ်ဝန်းကျင်ရွာတွေမှာ ကျောက်ကြီး၊ ဟိုဘက်မှာဆို ရေဖြူအိုင် သစ်ကောက် ဒီဖက်မှာ ချောင်းလယ်တော ရွာမှာလည်း အေအေ တပ်တော်ရောက်နေပြီ မြို့ကို ဝိုင်းထားသလို ဖြစ်နေပြီဟု သံတွဲ ဒေသခံတစ်ဦးမှပြောသည်။

 

 ထို့အပြင် ရွှေလှေ၊ ချင်းကွင်း၊ လင်းသီ၊ ပေါက်တော၊ မန်ကျည်ချောင်၊ ရှင်စောပြင် စသည့် ကျေးရွာများမှဒေသခံတချို့လည်း စစ်ဘေးရှောင်နေကြရပြီး စစ်ရှောင်ရန်ပြင် ဆင်နေကြရကြောင်း သိရသည်။

 

AA နှင့် စစ်ကောင်စီတပ်တို့မှာ ဧပြီလ ၂၂ ရက်နေ့ကစ၍ သူဌေးရေအားလျှပ်စစ်စီမံကိန်းအနီးဒေါ်မြရွာ၊ ပုရစ်ရွာနှင့် ရေကောက်ရွာအနီးဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားနေကြပြီး ဧပြီ ၂၇ ရက်နေ့အထိ  တိုက်ပွဲက ပြင်းထန်နေကြောင်းသိသည်။

 

ထို့အပြင် သံတွဲနှင့် တောင်ကုတ်မြို့နယ်အစပ်ရှိ ကျေးရွာအချို့ကို ဧပြီလ ၂၆ရက်နေ့ ညနက်သည် အထိစစ်ကောင်စီက လက်နက်ကြီးပစ်နေခဲ့သည့်အပြင် ယနေ့နံနက် တွင်လည်း စစ်ကောင်စီမှ လေယာဉ်၊ နေဗီများ  ပန်းထော်ကျွန်းရှိ လူနေ ကျေးရွာများ အနီးတဝိုက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း ဒေသခံများထံမှသည်။

 

သံတွဲမြို့နယ်အတွင်း ဆက်တိုက်ဖြစ်ပွားနေသည့် မြေပြင်တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်က အသေအဆုံးများနေသည့် သတင်းများ ထွက်ပေါ်နေပြီးနောက် ကွင်းဝိုင်းကျေးရွာ ရေတပ်မှ ဟောင်ဝှစ်ဆာ အမြှောက်ဖြင့် ပစ်ခတ်ခြင်း၊ နေဗီသ‌င်္ဘာများမှ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းမှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲခြင်းများကို အဆက်မပြတ် ပြုလုပ်နေကြောင်းသိရသည်။

ဓာတ်ပုံ- ရခိုင်ဒေသသတင်းများ

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!