တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ရခိုင်ပြည်တွင် ပြည်သူများ မရှိမဖြစ်သွားလာနေရသော အနည်းဆုံး တံတား ၆ စင်းကို စစ်ကောင်စီက မိုင်းခွဲဖျက်ဆီးခဲ့


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 3.7k

လူထက်နိုင် (ဒွါရာမြီ)

နိရဉ္စရာ ၊မေ ၈ /၂၀၂၄

ရခိုင်ပြည်မှ ပြည်သူများ မရှိမဖြစ်သွားလာနေရသော တံတား အနည်းဆုံး ၆ စင်းကို စစ်ကောင်စီက မိုင်းခွဲဖျက်ဆီးခဲ့ပြီး ဖြစ်ကြောင်းသိရသည်။

ရခိုင်ပြည်တွင် ပြည်သူများသွားလာရေး အဓိကကျသော တံတားများဖြစ်သည့် အမြင့်ကျွန်းကျေးရွာအနီးရှိ မင်းချောင်းတံတား၊ပန်းဇင်းမော်တံတား၊လှဘော်ဇားတံတား၊ ၃ မိုင်တံတား၊ မအီတံတား၊ကျောက်ကြီးပေါက်တံတားတို့ကို စစ်ကောင်စီက ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

ယခုလ မေ ၆ ရက်နေ့ ညနေ ၄ နာရီခန့်တွင် ဘူးသီးတောင်မြို့အဝင် ပန်းဇင်းမော်တံတားကို စစ်ကောင်စီမှ မိုင်းခွဲ ဖျက်ဆီးခဲ့ပြီး အဆိုပါနေ့၌ပင် မောင်တောမြို့နယ်ရှိ လှဘော်ဇား တံတားကိုလည်း ည ၉ နာရီခန့်ကမိုင်းခွဲ ဖျက်ဆီးခဲ့သည်။

“ အေအေ ဝင်လာမှာစိုးလို့ ရခိုင်က တံတားတွေကို စစ်ကောင်စီက ချိုးနေတယ်ဆိုတာ အကြောင်းပြချက်ပါ။ရခိုင်ပြည်သူတွေကို စေတနာကိုမရှိတာပါ။ တံတားတွေ ချိုးဖျက်လိုက်တော့ ပြည်သူတွေသွားရေးလာရေးခက်သွားပြီ။ ကုန်ပစ္စည်း ဆက်သွယ်ရေးတွေ ရပ်တန့်နေပြီလေ၊ ကုန်ဈေးနှုန်းတွေကြီးတော့ ပြည်သူတွေဝယ်မစားနိုင်၊ အဲ့လိုဒုက္ခတွေ ဖြစ်အောင်လုပ်တာ” ဟု ရခိုင်နိုင်ငံရေးလေ့လာသူတစ်ဦးကပြောသည်။

ပန်းဇင်းမော်တံတားသည် ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တော မြို့တို့ကို ဆက်သွယ်ရန် ဖောက်လုပ်ထားသည့် ကားလမ်းပေါ်တွင် တည်ရှိကာ ပြည်သူများ သွားလာရေးနှင့် ကုန်သွယ်ရေးအတွက် အဓိကကျသည့် တံတားဖြစ်ကြောင်းသိရသည်။

ထို့အပြင် မောင်တောမြို့အနီးရှိ လှဘော်ဇားတံတားကိုလည်း မေလ ၆ ရက်နေ့ ည ၉ နာရီအချိန်ခန့်က စစ်ကောင်စီတပ်က မိုင်းခွဲဖျက်ဆီးခဲ့သောကြောင့် မောင်တောမြို့၏ မြောက်ဖက်ခြမ်း ခြံစည်ရိုးအနီးရှိ ကျေးရွာများကို အဓိကဆက်သွယ်ထားသည့် တံတားဖြစ်သောကြောင့် ဒေသခံများ သွားရေးလာရေး ခက်ခဲလျက်ရှိကာ ကုန်သွယ်ရေးရပ်တန်နိုင်ကြောင်း ဒေသခံများကဆိုသည်။

ယင်းအပြင်း မေလ ၇ ရက်နေ့ ညအချိန်တွင်လည်း မောင်တောမြောက်ပိုင်း ကားလမ်းပေါ်ရှိ  ၃ မိုင်တံတားအား စစ်ကောင်စီတပ်က မိုင်းခွဲဖျက်ဆီးလိုက်ခြင်းဖြစ်သည်။

ထို့အပြင် ဖေဖော်ဝါရီလ ၁၁ ရက်နေ့ကလည်း စစ်တွေ - ရန်ကုန်ကားလမ်းပေါ်ရှိ အမြင့်ကျွန်းကျေးရွာအနီးရှိမင်းချောင်းတံတားကိုစစ်ကောင်စီက မိုင်းခွဲဖျက်ဆီးပစ်ခဲ့ပြီး ဖေဖော်ဝါရီလ ၁၆ ရက်နေ့ကလည်း တောင်ကုတ်မြို့နယ်ရှိ မအီတံတားနှင့် ကျောက်ကြီးတံတားများကို မိုင်းခွဲ ဖျက်ဆီးပစ်ခဲ့ကြောင်းသိရသည်။

“စစ်ပွဲတိုင်းမှာ အရှုံးနဲ့ရင်ဆိုင်နေရတဲ့ စစ်ကောင်စီဟာ ရခိုင်ပြည်အတွင်းက လူသွားလူလာများတဲ့ တံတားတွေကို မိုင်းခွဲ ဖျက်ဆီးနေပါတယ်။ ရခိုင်ပြည်ဟာ မြစ်ချောင်း အင်းအိုင်တွေပေါများတဲ့ ဒေသဖြစ်တာကြောင့် ဒီတံတားတွေဟာ ရခိုင်ပြည်သူတွေအတွက် မရှိမဖြစ်လိုအပ်နေတဲ့ တံတားတွေလည်းဖြစ်ပါတယ်။အခုလိုတံတားတွေ ဖျက်ဆီးခံနေရတဲ့အတွက် ဒေသခံပြည်သူတွေအနေနဲ့ ခရီးသွားလာရေးမှာ အထူးအခက်အခဲဖြစ်သွားရတယ်" ဟု ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

စစ်ကောင်စီသည် ယခင်က လမ်းတံတားများကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ဖောက်ခွဲနေခြင်းဖြစ်ကြောင်း စွပ်စွဲပြောဆိုလေ့ရှိသော်လည်း လက်ရှိတွင် စစ်ကောင်စီကိုယ်တိုင် လမ်းတံတားများကို မိုင်းခွဲဖျက်ဆီးလာခြင်းကြောင့် နိုင်ငံကို ကိုယ်စားပြုသည့် တပ်မတော်အဆင့်မှ အကြမ်းဖက် စစ်တပ်တခုအဖြစ်သို့ လုံးဝ  ကျရောက်သွားပြီဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်ကြသည်။

ဆက်စပ် သတင်းများ